October 7, 2024

၇ .၁၀ .၂၀၂၄
Written by Hey Mar

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုရင် လူကြီးမိဘ ဆရာသမားတွေကို ဂါဝရပြုကန်တော့လေ့ရှိတာက မြန်မာတို့ရဲ့ နှစ်ပေါင်းရာနဲ့ချီပြုလုပ်လာတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတစ်ခုပါ။

သီတင်းကျွတ်လမှာ ဗုဒ္ဓမြတ်စွာဘုရားက နတ်ပြည်မှာ နတ်သားဖြစ်နေတဲ့ မယ်တော်ထံ သွား‌ရောက်ကာ ကျေးဇူးဆပ် တရားဟောခဲ့တာကို အကြောင်းပြုပြီး ဆီမီး‌တွေထွန်းညှိကာ ဘုရားရှင်ကို ပူဇော်တဲ့မီးထွန်းပွဲသဘင်ကို နှစ်စဉ် ရာစုနှစ်နဲ့ချီကာ ဆင်ယင်ကျင်းပခြင်းခဲ့တာပါ။ ကျေးဇူးဆပ်တရားတော်ကို အကြောင်းပြုပြီး ကျေးဇူးရှင် မိဘ၊ ဆွေမျိုး အဘိုးအဘွား၊ ကျေးဇူးရှိခဲ့တဲ့ ဆရာသမားများကို မိမိတို့တတ်နိုင်တဲ့ လက်ဆောင်၊ မုန့်ပဲသွားရည်စာနဲ့ ကန်တော့ကြတာလည်း မြန့်မာဓလေ့တစ်ခုဖြစ်ပါတယ်။

နောက်ထပ် ချစ်စရာ အစဉ်အလာတစ်ခုက မိသားစုဆွေမျိုးအတွင်း ကြီးစဉ်ငယ်လိုက် တောင်းပန်ကန်တော့တဲ့အမှု ပြုကြသလို ကန်တော့ခံရသူကလည်း စတိသဘော မုန့်ဖိုးပြန်ပေးကြတဲ့ အစဉ်အလာလေးတွေလည်း ထိန်းသိမ်းလက်ဆင့်ကမ်းကြပါသေးတယ်။

သီတင်းကျွတ်ကာလအမှီ ရောင်းချကြတဲ့ မုန့်မျိုးစုံအနက် ရာသီချိန် ကိတ်မုန့်လို့ခေါ်ရမယ့် ကိတ်ပေါ် ခရင်အရောင်မျိုးစုံနဲ့ ဖန်တီးထားတဲ့ မုန့်တွေ၊ နောက်ပြီး နိုင်ငံခြားဖြစ် မုန့်မျိုးစုံ၊ ဒီနောက်ပိုင်း ထုတ်ပိုးမှု ကွာလတီကအစ အဆင့်မြင့်လာတဲ့ မြန်မာ့ထုတ်ကုန် ကွတ်ကီး၊ ထောပတ်ကိတ် စတာတွေလည်း သင့်တင့်တဲ့ နှုန်းထားနဲ့ မျက်နှာပန်းလှလှ အရသာရှိရှိ ဈေးကွက်အမှီ နေရာယူလာတာလည်း တွေ့ရပါတယ်။

ရန်ကင်းစင်တာရှေ့မှ ကန်တော့ခြင်း၊ လက်ဆောင်ခြင်း အရောင်းလုပ်ငန်း တာဝန်ရှိသူက “လက်ရှိတော့ ရာသီချိန် ရောင်းရမယ့်အချိန်မှာ ပြည်ပက မုန့်အတော်များများ သွင်းမရဘူး။ ပြည်တွင်းထုတ်လုပ်မှုကို လိုက်ကြည့်တော့ ထုတ်ပိုးအရည် အသွေးရော၊ အရသာ‌နဲ့ ကျန်းမာရေးရှုထောင့်ကပါ ညီညွတ်အောင် ထုတ်လုပ်နိုင်လာတဲ့ ပြည်တွင်းဖြစ်မုန့်မျိုးစုံကို တွေ့လာရတယ်။ ဒီနှစ် ကန်တော့ခြင်းဈေးကွက်ကို ဝယ်သူတွေက ဈေးတအားမြင့်မယ် မှန်းကြတယ်။ ကျွန်မတို့က အရည်အသွေးတူ၊ တန်ဖိုးသင့်တဲ့ ပြည်တွင်းထုတ် မုန့်တွေ ကြားညှပ်အသုံးပြုပြီး ကန်တော့ခြင်းတွေရဲ့ တန်ဖိုးကို နှုန်းထားသင့်အောင် ဆောင်ရွက်ရတာပေါ့ ” လို့ ဆိုပါတယ်။

ယိုးဒယားမုန့်မျိုးစုံ အပါအဝင် ပြည်ပကတင်သွင်းတဲ့ မုန့်တွေ ဒီကာလအတွင်း ဈေးနှုန်း ၃ ဆခန့်မြင့်တက်လာပြီး ဝယ်ယူရ အခက်အခဲတွေလည်း ရှိနေတာကြောင့် အရသာတူ အရည်အသွေးတူတဲ့ ပြည်တွင်းကုန်တွေကို အစားထိုးလာတာလို့ အဆိုပါ လက်ဆောင်ခြင်းလုပ်ငန်းလုပ်ကိုင်သူက ဆက်ပြောပါတယ်။ အရင်ကလိုပဲ လက်‌ဆောင်ခြင်းတစ်ခြင်းကို ကျပ်သုံးသောင်း‌စွန်းစွန်းနဲ့ မျက်နှာပန်းလှနိုင်ဖို့ တင်သွင်းရခက်တဲ့ ပြည်ပမုန့်တွေအစား ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို စင်တာ အတော်များများနဲ့ လက်လီလက်ကား မုန့်ဆိုင်တွေက အစားထိုးလိုက်ကြပါတယ်။

တာမွေမြို့နယ်၊ အောင်မင်္ဂလာမှတ်တိုင်နဲ့ သီတာလမ်းမှတ်တိုင်ကြားရှိ မုန့်မျိုးစုံ လက်လီလက်ကား အရောင်းဆိုင်ကြီးမှ တာဝန်ရှိသူကလည်း “အခုက မြဝတီလမ်းကြောင်း တစ်ခုတည်း အားကိုးတင်သွင်းနေရတယ်။ အဲ့ဒါကိုမှ အရင်လို အချိန်ကလည်း မှန်းဆလို့မရဘူး။ ဒီမှာက အမြဲ ပုံမှန်အရောင်းရှိတယ်။ သူ့ရာသီနဲ့သူ ရောင်းချချိန်အမှီ တင်သွင်းရတာရှိတယ်။ ရာသီချိန် ခါတော်မှီကြ တိုင်ပင်လွဲလို့မရဘူး။ ပြည်တွင်းထုတ်ကုန်တွေ ဒီကာလ နေရာရလာတာ ဒီအချက်တွေပါတယ်။ သူနဲ့ အမျိုးအစားတူ အရသာတူမုန့်က တစ်သောင်းခွဲ နှစ်သောင်းနီးပါး ဖြစ်နေချိန်၊ သူက ငါးထောင်စွန်းစွန်းနဲ့ နေရာယူလာတယ်။ အမတို့က ကိုယ်တိုင်စမ်းစားကြည့်ပြီးမှ ဆိုင်ပေါ် အတင်ခံတာလို့” ပြည်တွင်းထုတ်ကုန်အပေါ် သူ့အမြင်ကို ပြောပါတယ်။

သီတင်းကျွတ်ကာလ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်တွေက အစဉ်အလာ ဂါရဝကို ထိန်းသိမ်းတဲ့ အနေနဲ့ရော၊ မိဘဆရာသမားတွေကို ကန်တော့တဲ့အခါ ပြန်လည်ရရှိတဲ့ သီတင်းကျွတ်မုန့်ဖိုးအတွက်ပါ ပျော်စရာမျှော်လင့်ချက်‌တွေနဲ့ သူတို့စုဆောင်းထားတဲ့ ကျောင်းမုန့်ဖိုးတွေကို ကန်တော့လက်ဆောင်မုန့်ဝယ်ယူရာမှာ အသုံးပြုကြတာမို့ တန်ဖိုးသင့် ကျန်းမာရေးနဲ့ ညီညွတ်နဲ့ ပြည်တွင်းမုန့် တံဆိပ်မျိုးစုံ ဒီအချိန်ကဈေးကွက်ပေါက် နေရာယူနိုင်မယ့် အချိန်ကောင်းလည်း ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *