October 7, 2024

ပုံစာ။ ကယားလက်နက်ကိုင်များနှင့် မိုးဗြဲ၊ ဖယ်ခုံ PDF များ ထိန်းချုပ်ထားရာ လအိကျေးရွာမှ ဗုဒ္ဓဆင်းတုတော်များ ဦးခေါင်းတော်ဖြတ်တောက်ခံရသည့် မြင်ကွင်း (Photo - CJ)

၇. ၁၀. ၂၀၂၄
Written by Nay Moe

ကယားလက်နက်ကိုင် KNDF နဲ့ PDF တွေ ကြီးစိုးထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ တောင်ထိပ်မှာ တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်အားလုံး ဦးခေါင်းတော်ဖြတ်တောက်ခံရမှုကို စုံစမ်းဖော်ထုတ်အရေးယူမယ်လို့ ကယန်းပြည်သစ်ပါတီ၊ ပါတီဝင်လူငယ်ဌာန(KNLPy) ကထုတ်ပြန်ထားပါတယ်။

ဆင်းတုတော်တွေ ဦးခေါင်းတော်ဖြတ်တောက်ခံရတဲ့ လအိကျေးရွာဟာ ရှမ်းနဲ့ကယားနယ်စပ်မှာရှိပြီး အဲဒီဒေသက လက်ရှိမှာ ကယားလက်နက်ကိုင်တွေနဲ့ NUG လက်အောက်ခံ မိုးဗြဲ၊ ဖယ်ခုံ PDF တွေအပြင် ကယန်းပြည်သစ်ပါတီတို့ပဲကြီးစိုးထားသလို ခရစ်ယာန်ဘာသာဝင်တွေ အားကောင်းတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒီလို ဒေသမှာ ဗုဒ္ဓဆင်းတုတော်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး KNLPy က ထုတ်ပြန်ရာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ ကယားပြည်နယ်၊ အမှတ်(၁)ခရိုင်၊ အမှတ်(၁)မြို့နယ် လအိကျေးရွာမှာ တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဆင်းတုတော်(၉)ဆူကို ရည်ရွယ်ချက်ရှိစွာနဲ့ ဖျက်ဆီးခဲ့တဲ့လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လူမျိုးဘာသာပေါင်းစုံ ပြည်သူလူထုအတွင်း အဓိကရုဏ်းဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလုပ်ဆောင်ခြင်းဖြစ်တယ်လို့ ရှု့မြင်ကြောင်းနဲ့ လအိကျေးရွာမှာတည်ထားကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးတဲ့လုပ်ရပ်အပေါ် အမှုမှန်ပေါ်ပေါက်ဖို့အတွက် လူထုအခြေပြုအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့ထားသလို ပြစ်မှုကျူးလွန်တဲ့ လူပုဂ္ဂိုလ် (ဒါမှမဟုတ်) အဖွဲ့အစည်းကိုမဆို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလိုမျိုး ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ကယား ပြည်နယ်က အားအကောင်းဆုံးလက်နက်ကိုင် KNDF နဲ့ မိုးဗြဲ၊ ဖယ်ခုံမြို့တွေကို ထိန်းချုပ်ထားတဲ့ PDF တွေက ဖြစ်စဥ်ဖော်ထုတ်မယ်လို့ ထုတ်ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီနေ့အထိတော့ တရားခံ မဖော်ထုတ်နိုင်သေးသလို စစ်ဆေးလုပ်ဆောင်မှုတွေလည်း ချပြမှု မရှိ​သေးပါဘူး။

ပုံစာ။ ကယားလက်နက်ကိုင်များနှင့် မိုးဗြဲ၊ ဖယ်ခုံ PDF များ ထိန်းချုပ်ထားရာ လအိကျေးရွာမှ ဗုဒ္ဓဆင်းတုတော်များ ဦးခေါင်းတော်ဖြတ်တောက်ခံရသည့် မြင်ကွင်း (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *