October 7, 2024

ပုံစာ - လားရှိုး - သီပေါ တိုက်ပွဲပဋိပက္ခအတွင်းက မြင်ကွင်းပုံရိပ်များ(Photo - CJ)

၇.၁ဝ.၂၀၂၄
Written by K Pyay Thein

ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ နိုင်ငံအဝှမ်းတိုက်ပွဲပေါင်း ၁၇,၀၀၀ အထိဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၆ ဒသမ ၅ သန်းကျော်အထိရှိနေခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar) ရဲ့ လေ့လာမှုသုတေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြလိုက်ပါတယ်။

ISP-Myanmar က လေ့လာပြုစုထားတဲ့ သုတေသနမှတ်တမ်းတွေအရ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့ EAO တွေ၊ PDF လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ SAC တပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၁၇,၀၀၀ အထိဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ISP-Myanmar ရဲ့ ဒေတာတွေအရ ပဋိပက္ခစစ်ပွဲတွေအတွင်း မဟာဗျူဟာနဲ့ စစ်ဆင်ရေးမှန်းဆချက်တွေကို လုပ်ဆောင်ရာမှာ အကြီးမားဆုံးအခက်အခဲက ခေါင်းဆောင်သူတွေရဲ့ တွက်ချက်မှု၊ စိတ်လိုလက်ရပြုမူကျင့်ကြံမှု၊ စစ်ပွဲတွေအတွက် ရည်မှန်းချက်၊ သူတို့ရဲ့ ကျိုးကြောင်း စဉ်းစားဆုံးဖြတ်ပုံ၊ အထူးသဖြင့် ထွန်းသစ်စ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စဉ်းစားပုံတွေက ပုံသေကားကျ ဟုတ်မနေတာ၊​ ဧကန်သဘော ကောက်ချက်ဆွဲဆုပ်ကိုင်လို့ မရတာတွေလည်းရှိနေတယ်လို့ ISP-Myanmar က ထုတ်ဖော်ရေးသားထားပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်ရေးအောင်ပွဲတွေကို ချီးကျူးမြှောက်စားနေကြပေမဲ့ စစ်ဘေးဒဏ်သင့်ရတဲ့ လူထုတွေရဲ့ အသံကို ကြားနိုင်ဖို့ကတော့ ခက်ခဲလှပြီး စစ်ပွဲအတွင်းက အရပ်သား ပြည်သူလူထုတွေရဲ့ ဒုက္ခကလည်း တောင်လိုပုံပြီး ကြီးမားခဲ့သလို စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ၊ သေကြေပျက်စီးရမှုတွေကလည်း ဒုနဲ့ဒေးရှိနေခဲ့တယ်လို့ ISP-Myanmar ရဲ့သုတေသီတွေက ပြောကြားထားပါတယ်။

ပုံစာ – လားရှိုး – သီပေါ တိုက်ပွဲပဋိပက္ခအတွင်းက မြင်ကွင်းပုံရိပ်များ(Photo – CJ)

#ထိတွေ့တိုက်ပွဲ #လက်နက်ကိုင်ပဋိပက္ခ #စစ်ဘေးရှောင် #ISP-Myanmar #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *