October 7, 2024

၇.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချိမြို့၏ ဂျင်နားအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် အောက်တိုဘာလ ၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ တရုတ်အလုပ်သမားနှစ်ဦးသေဆုံးခဲ့ရပြီး အနည်းဆုံး ဆယ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက ဗုံးပေါက်ကွဲမှုတွင် အချို့သောဒေသခံများ ထိခိုက်သေကြေမှုများရှိခဲ့ကြောင်းနှင့် ၎င်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်းပြောခဲ့သည်။ သို့သော် ဗုံးကွဲမှု ကြောင့် စုစုပေါင်းသေဆုံးသူဦးရေကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပေါက်ကွဲမှုက အောက်တိုဘာလ ၆ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီ(ဂရင်းနစ်စံတော်ချိန် ၁၇း၀၀ နာရီ) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆင်းပြည်နယ်အတွင်း စွမ်းအင်စီမံကိန်းတစ်ခုတွင် လုပ်ကိုင်လျက်ရှိကြသော တရုတ်အင်ဂျင်နီယာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟု ပြောခဲ့သည်။ တရုတ်သံရုံးက အင်ဂျင်နီယာများမှာ ကရာချိမြို့အနီး ပို့သ်ကွာဆင်းမ်မြို့တွင် ကျောက်မီးသွေးစွမ်းအင်စက်ရုံနှစ်ခုအား တရုတ်အကူအညီဖြင့် တည်ဆောက်နေသည့်စီမံကိန်းတွင် လာရောက်လုပ်ကိုင်နေခြင်းဟုလည်း ဆက်လက်ပြောခဲ့သည်။

ဘလူးချိစတန်လွတ်မြောက်ရေးတပ်မတော်ဟု အမည်ပေးထားသော ပါကစ္စတန်နိုင်ငံအတွင်း ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့က အောက်တိုဘာလ ၇ ရက်တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ ဗုံးခွဲမှုကို ၎င်းတို့အဖွဲ့က ဆောင်ရွက်ခဲ့ဖြင်းဟု ဆိုခဲ့သည်။ ထိုအဖွဲ့က မကြာမီကလည်း ပါကစ္စတန်နိုင်ငံတွင် စီမံကိန်းများ၌ ပါဝင်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကို တိုက်ခိုက်မှုများပြုခဲ့သေးသည်။ ကြေညာချက်၌လည်း ထိုစစ်သွေးကြွအဖွဲ့က ကရာချိလေဆိပ်သို့ရောက်ရှိလာသော တရုတ်နိုင်ငံသား အဆင့်မြင့်အင်ဂျင်နီယာများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယာဉ်တန်းကိုတိုက်ခိုက်ခဲ့ခြင်းဟု ဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုကို အိမ်လုပ်ပေါက်ကွဲနိုင်သောဗုံးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဘလူးချိစတန် ခွဲထွက်ရေးစစ်သွေးကြွအဖွဲ့က ပြောခဲ့သည်။ ထိုစစ်သွေးကြွအဖွဲ့က ဘလော့ချ်လူမျိုးစုအုပ်စု များနှင့်အတူ ၎င်းတို့၏ ပြည်နယ်ကို သီးခြားနိုင်ငံခွဲထွက်ရေး ပုန်ကန်မှုပြုနေသော အဖွဲ့ဖြစ်သည်။

တရုတ်အင်ဂျင်နီယာများ၏ အဆိုပါ ကျောက်မီးသွေးစွမ်းအင်စက်ရုံက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အရ ဘလူးချိစတန်ပြည်နယ်အတွင်းအကောင်အထည်ဖော်နေသော အခြေခံအဆောက်အအုံများနှင့် စွမ်းအင်စီမံကိန်းများအနက် တစ်ခုလည်းဖြစ်သည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *