October 7, 2024

၇. ၁၀. ၂၀၂၄
Written by Nyein Kyaw

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ကုသမှုအား လက်ရှိတွင် တစ်ရက်လျှင် လူနာ ၁၀၀ အတွက်သာ ကုသပေးနိုင်သော်လည်း လာမည့် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် လူနာ ၂၀၀ အထိ ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute-NCI) သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည်ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက် (CT Simulator) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ တတိယပတ်မှစကာ ကနဦးလက်တွေ့သင်ကြားကုသမှု စတင်နိုင်မည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက ပြောကြားသည်။

ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုတပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ်နှစ်လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်‌ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုအောက်တိုဘာလမှစတင်၍ လူနာများဘေးကင်းလုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားရှိရန်၊ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြည့်ဝစွာထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန် ပြည်‌ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် ကင်ဆာရောဂါဝေဒနာရှင်လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန်အတွက် L Shape ရှစ်ထပ် အဆောက်အအုံကိုလည်းကောင်း၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် လေးခန်းတွဲငါးထပ် အရာထမ်းအိမ်ရာ တစ်လုံး၊ အမှုထမ်းအိမ်ရာ နှစ်လုံးတို့ကိုလည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *