October 7, 2024

၇. ၁၀. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး တရားဝင် အမိန့်ကြေညာစာ မထွက်ရှိသေးသည့်အပြင် ဆီဝယ်ယူရေးအတွက် ပဋိပက္ခများဖြစ်လာနိုင်သောကြောင့် သက်ဆိုင်ရာအစိုးရ၊ စက်သုံးဆီနှင့်သက်ဆိုင်သော အသင်း အဖွဲ့များ၊ ပုဂ္ဂလိကဆီဆိုင်များ အားလုံးညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသေးကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

“အဲဒါကတော့ တကယ်တမ်းကျတော့ တရားဝင်သက်ဆိုင်ရာဌာနဆိုင်ရာရဲ့ စာလည်းမထွက်သလို သက်ဆိုင်ရာရဲ့ ထုတ်ပြန်ထားတဲ့ အမိန့်လည်း ဒီနေ့အထိတော့ တိတိကျကျ မရှိသေးဘူးပေါ့နော်။ ဒါတွေကလည်း တော်တော်လေးကို စဉ်းစားပြီးတော့ အများကြီးညှိနှိုင်းရဦးမယ်” ဟု MAMDA မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောသည်။

စက်သုံးဆီကို ပုဂ္ဂလိကဆိုင်များ ရောင်းချမှုမရှိသေးဘဲ အစိုးရဌာနကသာ ရောင်းခဲ့ချိန်တွင် စက်သုံးဆီထုတ်ယူရေး စာအုပ်မှတစ်ဆင့် စမတ်ကတ်များဖြင့် အဆင့်ဆင့်ပြောင်းလဲ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။ ယခုလူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အစိမ်းရောင်နှင့် အဝါရောင်စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်သည် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစား ခွဲခြားထားသည့် ယခင်စမတ်ကတ်အဟောင်းများဖြစ်သည်။

ယခင်က ရန်ကုန်ကားနှင့် နယ်ကားများအား ကားနံပါတ်များတွင် ခွဲခြားထားခြင်းမဟုတ်ဘဲ ဆီစာအုပ်များတွင်သာ ခွဲခြားထားခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်ကားနှင့် နယ်ကားများအား က.ည.န မှ Division Code နှင့် မြို့နယ်အလိုက် နံပါတ်များကိုပါ တိတိကျကျခွဲခြားထားသောကြောင့် ရန်ကုန်ကားနှင့် နယ်ကားများအား ဆီဝယ်ယူနိုင်မည့်ဆိုင် ကန့်သတ်ချက်များ ပါဝင်လာမည်ဆိုပါက အခက်အခဲများ ဖြစ်လာနိုင်ကြောင်း သိရသည်။

“ရန်ကုန်မှာ နယ်ကားတွေလည်း အများကြီး အသုံးပြုတယ်။ မော်တော်ယာဉ်ဥပဒေအရ နယ်ကားကလည်း မှတ်ပုံတင်ထားလို့ရှိရင် မြန်မာတစ်နိုင်ငံလုံးမောင်းနှင်ခွင့်ရှိတယ်။ စည်ပင်သာယာနယ်နိမိတ်အတွင်းမှာသာ ညအိပ်ကတ်ပြားမရှိတဲ့အတွက် ညအိပ်ခွင့်မရှိတာ ကိုယ့်ဝန်း ကိုယ့်ခြံထဲမှာ ထည့်မယ်ဆိုရင် တစ်နိုင်လုံး မောင်းနှင်လို့ရတဲ့ကားက ရန်ကုန်ရောက်ရင် ဆီထည့်လို့မရဘူးလား။ ဒါတွေက မေးစရာတွေအများကြီး ပဋိပက္ခတွေဖြစ်နိုင်တဲ့ဟာတွေရှိတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ စက်သုံးဆီနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ အစိုးရအဖွဲ့တွေ၊ ရောင်းနေတဲ့ ပုဂ္ဂလိကဆိုင်တွေအကုန်လုံးကလည်း ညှိနှိုင်းဖို့အချိန်လိုလိမ့်ဦးမယ်လို့ ထင်တယ်။ အဲဒီလိုညှိနှိုင်းပြီးရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ပြည်တွင်း၌ စက်သုံးဆီ သုံးစွဲမှုပမာဏ တိတိကျကျသိရှိပြီး စက်သုံးဆီမည်မျှ တင်သွင်းရမည်ကို ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်များအား ကနဦးအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်စမ်းသပ်ရန် စီစဉ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ စမတ်ကတ်များသည် ATM Card များကဲ့သို့လည်း ငွေကြေးထည့်သွင်းကာ ဆီဝယ်ယူရသည့် ကတ်စနစ်မျိုးမဟုတ်ဘဲ ဆီဝယ်ယူချိန်တွင် ကားနံပါတ်၊ ယာဉ်အမျိုးစားနှင့် ဝယ်ယူသည့် ဆီအမျိုးအစားများကို ဒေတာကောက်ယူနိုင်မည့် ကတ်အမျိုးအစားသာဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်း (MPTA)မှ သိရသည်။

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် မြိုကြီးများတွင် စက်သုံးဆီစမတ်ကတ်စနစ်ကို မကြာမီ စမ်းသပ်တော့မည်ဖြစ်ကြောင်း ယခုလဆန်းပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး‌နောက် အဆိုပါစမတ်ကတ်ဖြင့် တစ်ရက်လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုတော့မည်ဆိုကာ အများပြည်သူ အထင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်ပရောက် Exile မီဒီယာများက မဟုတ်မမှန် ရေးသားဖော်ပြခဲ့မှုများလည်းရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *