October 7, 2024

၇ .၁၀ .၃၀၂၄
Written by Hey Mar

ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့စဉ်က မိဘတွေနဲ့ ကွဲကွာ‌သွားခဲ့တဲ့ ကလေးငယ်တစ်ဦး အခုအချိန်ထိ ပြန်လည်မတွေ့ရှိသေးတာကြောင့် နေပြည်တော်အခြေစိုက် ပုဗ္ဗလူမှုကူညီရေးအသင်းက ဦးဆောင်ပြီး မိဘတွေကိုယ်စား ကူညီရှာဖွေပေးနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ်က အသက်ခြောက်နှစ်ခန့်အရွယ်ရှိ မောင်စိုင်းခန့်ဦးဖြစ်ပြီး နေပြည်တော်၊ တပ်ကုန်းမြို့အပိုင်၊ ကင်းသာကျေးရွာကလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေကြီး၊ ရေလျှံမှုနဲ့ တောင်ကျရေ စီးဆင်းမှုကြောင့် ရွာလုံးကျွတ် ကယ်ဆယ်ရေးပြုလုပ်ကာ ရေဘေးသင့်ပြည်သူများ နားနေစခန်းသို့ပို့ဆောင်ပေးစဥ် မောင်စိုင်းခန့်ဦးကို မိဘတွေက လာရောက်ကယ်ဆယ်တဲ့ မော်တော်ယာဥ်တစ်စီးနဲ့ အရင်တင်ဆောင်ပေးလိုက်ပြီး ဘယ်‌မော်တော်ယာဉ်က တင်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိ၊ မမှတ်မိလိုက်ဘူးလို့ ဆိုပါတယ်။

ရေဘေးသင့်ချိန် ပျောက်ဆုံးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကနေ ဒီနေ့အချိန်ထိ လိုက်လံရှာဖွေနေပေမယ့် မတွေ့ရှိသလို အခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ကိုင်နေပြီမို့ သက်ဆိုင်ရာရွာ‌‌တွေဆီ မိဘတွေကလည်း ပြန်သွားရပြီလို့ ပုဗ္ဗလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။

“အခု မိဘတွေကလည်း စခန်းတွေ ပိတ်လို့ နေရပ်ပြန်ပြီ။ ကလေးက ကျွန်တော်တို့ ရေဘေးစခန်းတွေ ရှိတုန်းကလည်း စခန်းတိုင်း လိုက်ရှာတယ်၊ မတွေ့ခဲ့ဘူး။ အခု လိုင်းပေါ်တင် အကူအညီတောင်းရတာပါ။ တွေ့ခဲ့ သိခဲ့ရင် ကျွန်တော်တို့ ကလေးရှိတဲ့ နေရာအထိ လိုက်ခေါ်ပေးမှာပါ”လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ကလေးငယ်အား ပရဟိတအသင်းများမှ တွေ့ရှိခဲ့သော် (သို့မဟုတ်) မိဘပြည်သူများမှတွေ့ရှိခဲ့သော် ပုဗ္ဗလူမှုကူညီရေးအသင်း ဖုန်း-095044564 အကြောင်းကြားပေးပါရန်လည်း မိဘတွေကိုယ်စား အကူအညီတောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *