October 7, 2024

◾ ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို မနက်ဖြန် မနက် ၁၀ နာရီတွင် မီးသင်္ဂြိုဟ်မည်

၇.၁၀.၂၀၂၄
Written By Zun

NLD ပါတီ၏ ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သော ဒေါက်တာဇော်မြင့်မောင်၏ နာရေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ယနေ့အောက်တိုဘာလ ၇ ရက်နံနက် ၃ နာရီအချိန်က မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ပြီးနောက် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို နံနက် (၄)နာရီ (မိနစ် ၄၀)အချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ စိတ္တသုခ နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၃)လမ်း၊ ရန်-မန်း(၄)ထိပ်၊ အိမ်အမှတ်(ဃ-၃) ရှိ ဒေါက်တာဇော်မြင့်မောင်၏ ဖခင်ဖြစ်သူ(ကွယ်လွန်) နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က “အစ်ကိုကြီး Dr ဇော်မြင့်မောင်၊ စိန့်ပီတာကျောင်းသား ဟောင်းတစ်ယောက်အနေဖြင့် အစ်ကိုကြီး၏ နောက်ဆုံးခရီးစဉ်တွင် လာရောက် ဂါရဝပြုနှုတ်ဆက်ကန်တော့ပါတယ်ခင်ဗျား။ မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက် မြင့်မြတ်သောဘုံဘဝကိုရောက်ရှိသွားပြီဖြစ်ကြောင်း ယုံကြည်ပါတယ်ခင်ဗျာ”ဟု ဒေါက်တာဇော်မြင့်မောင်၏ နာရေးမှတ်တမ်းတွင် ရေးသားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရသောဒေါက်တာဇော်မြင့်မောင်ကို ယမန်နေ့ အောက်တိုဘာလ ၆ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည်ဟု မန္တလေးအိုးဘို အကျဉ်းထောင်က တရားဝင် သွားရောက်ဖတ်ကြားခဲ့ကြောင်းလည်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်၏ရုပ်အလောင်းကို မနက်ဖြန် အောက်တိုဘာလ ၈ ရက်၊ အင်္ဂါနေ့နံနက် ၁၀ နာရီအချိန်တွင် တောင်အင်းမြောက်အင်း သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *