October 7, 2024

၇.၁၀.၂၀၂၄
Written By Zun

မဲမသမာမှု၊ အဂတိလိုက်စားမှုများစွာဖြင့် ထောင်နှစ်ရှည်ကျခံခဲ့ရပြီးနောက် ယမန်နေ့က လွတ်မြောက်ခဲ့သော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါဖြင့် မန္တလေးဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီခန့်အချိန်က ကွယ်လွန်သွားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး ချို့တဲ့ ဆိုးရွားလာသောကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းဆေးကုသမှုခံယူနေရာမှ မန္တ လေးဆေးရုံကြီးသို့ ပို့ဆောင်ရပြီးနောက် အောက်တိုဘာလ ၅ ရက်ကစ၍ သတိမေ့နေခြင်းဖြစ်သည့်အတွက် အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသနေရင်း သေဆုံးခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။

“မနက်က ဆုံးသွားတယ်။ သူ့အမျိုးသမီး ဒေါက်တာဒေါ်ယုယုမေက အတည်ပြုပါတယ်။ နာရေးကိစ္စကတော့ ဘယ်လိုလုပ်ကြမလဲ မသိရသေးဘူး”ဟု ယင်းနှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ကွယ်လွန်ချိန်တွင် ဒေါက်တာဇော်မြင့်မောင်မှာ အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး မန္တလေးအိုးဘိုထောင်အတွင်း ထောင်ဆေးရုံတွင် ကုသမှု ခံယူနေရာမှ ဇွန် ၂၅ ရက်တွင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူနေရခြင်းဟု သိရသည်။ ယင်းရောဂါကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများကို မပြတ်သောက်နေရသူဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၉ နှစ်ထိ ချမှတ်ခံထားသူဖြစ်ကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၆ ရက်တွင် အဆိုပါပြစ်ဒဏ်အားလုံးကို မန္တလေးအိုးဘို အကျဉ်းထောင်က လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပုံစာ။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုပုံရိပ် (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *