October 6, 2024

၆. ၁၀. ၂၀၂၄
Written by Nay Moe

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLA နယ်မြေလုသိမ်းယူထားတဲ့ သီပေါမြို့က သီပေါရဲစခန်း လေကြောင်းတိုက်ခိုက်ခံရတယ်လို့ TNLA က ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် သီပေါမြို့ကို အောက်တိုဘာ ၅ ရက် ညအချိန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ဗုံး ၅ လုံးထက်မနည်း ကြဲချတာကြောင့် တစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။

TNLA ကို တိုက်ခိုက်ဖို့ ကြဲချခဲ့တဲ့ဗုံးတွေက ဇာတ်စုရပ်ကွက် ရဲစခန်းအနီး (၂)လုံးအပြင် အနောက်ရပ်ကွက် စံပြမုန့်ဆိုင်အနီး (၁)လုံးနဲ့ တောင်မြို့ရပ်ကွက် လယ်ကွက်အနီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အလားတူပဲ နမ့်လန်မှာ အခြေစိုက်ထားတဲ့ တပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လွယ်ကျိုင်းကျေးရွာနဲ့ အေရှာဝေါတိုးဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုအပြင် နေအိမ် အလုံး(၂၀)ကျော်နဲ့ အိမ်စီးကားတွေ ဆိုင်ကယ်တွေနဲ့ နေအိမ်အတွင်းရှိပစ္စည်းတွေလည်း ထိခိုက် မီးလောင်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။

TNLA ၊ MNDAA ၊ AA နဲ့ NUG ဩဇာခံ မန္တလေး PDF အပါအဝင် PDF တွေဟာ ဇွန်လ ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေတာကြောင့် SAC ရဲ့ တပ်တွေနဲ့ ပစ်ခတ်မှုတွေရှိနေသလို လက်နက်ကိုင်အကြမ်းဖက်တွေ သိမ်းယူထားတဲ့မြို့တွေကနေ ပြည်သူတွေရှောင်ရှားဖို့လည်း SAC က သတိပေးပြီးမှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *