October 6, 2024

MT News
၆. ၁၀. ၂၀၂၄

လောင်းလုံးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနေသည့် ဆရာမများနှင့် မြို့မိမြို့ဖများအပါအဝင် ၈ ဦးကို PDF များက နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား၊ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာနေထိုင်ကြသော ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း)မှ ကျောင်းဆရာမများဖြစ်သော ဒေါ်မေမီမိုး(ဘ)ဦးကျော်လင်း အသက်(၂၇)နှစ်နှင့် ဒေါ်ဥမ္မာထွန်း(ဘ)ဦးအောင်ထွန်း အသက် (၄၈)နှစ်၊ အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)မှ ကျောင်းဆရာမများဖြစ်သည့် ဒေါ်ခင်အေးဆက်(ဘ)ဦးခင်လုံး အသက်(၄၇)နှစ်၊ ဒေါ်ရင်ရင်စိုး(ဘ) ဦးစိုးမြင့် အသက်(၆၀) နှစ်၊ ဒေါ်မြအေး(ဘ) ဦးအောင်ကျင် အသက်(၅၆)နှစ်၊ အခြေခံပညာ မူလတန်းကျောင်း (ကဒက်ငယ်ထိန်)မှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်ဖြူဖြူထွေး(ဘ)ဦးခင်သန်း အသက် (၄၄)နှစ်၊ ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ ဒေါ်သီတာ(ဘ)ဦးခင်သန်း အသက်(၅၇)နှစ်တို့သည် ထားဝယ်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မိမိနေအိမ်များ၌ ပြန်လည်နေထိုင်နေစဉ် PDF များက ၎င်းတို့ ၇ ဦးအား ယနေ့ အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လောင်းလုံးဒေသတွင် NUG ဩဇာခံ လောင်းလုံး PDF များ ကြီးစိုးနေပြီး သန်းခေါင်စာရင်းကောက်ယူသူများကို အရေးယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်တွင် စာထုတ်ခဲ့ပြီးနောက် အောက်တိုဘာ ၆ ရက်တွင် ဆရာမများကိုပါ ဖမ်းဆီးမှု ကျုးလွန်ကြခြင်းဖြစ်သည်။

အလားတူ အောက်တိုဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် မြို့မိမြို့ဖဖြစ်သူ ဦးကမ်လျန်ထန်(ဘ)ဦးခုပ်ဆဝုန် အသက်(၆၅)နှစ်သည် သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ၎င်းနေထိုင်သည့် လမ်းဇန်ကျေးရွာ အနီးရှိ စိုက်ပျိုးမွေးမြူရေးခြံသို့သွားရောက်စဉ် PDF Zoland အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်မူဝါဒများ ချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများက ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့များအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှုများအပေါ် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း SAC ၏ ယခုည သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *