October 6, 2024

၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတော် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည် အထိမ်း အမှတ်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတမ်းလုံခြုံရေးအား ကာကွယ်စောင့်ရှောင်ရန်အတွက် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် ၄ စီး တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့တွင် အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် သတ်မှတ်လုပ်ငန်းတာဝန်များဖြစ်သည့် လူသားချင်းစာနာ အကူအညီပေးရေးကဏ္ဍတွင် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင်၌ အရေးပေါ်လိုအပ်ချိန်များတွင် အကူအညီပေးခြင်းတို့ကို ဒေသတွင်းနိုင်ငံများနှင့်သော်လည်းကောင်း အိမ်နီးချင်းနိုင်ငံများနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ ဆိပ်ကမ်းများတွင် နိုင်ငံတကာရေယာဉ်များအား စစ်ဆေးကြပ်မတ်ခြင်း (Port State Control Inspections) စသည့် စစ်ရေးနှင့် မသက်ဆိုင်သော ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်များကိုလည်း ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ရေကြောင်းသဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိကတာဝန်ယူဆောင်ရွက်ရသည့် Key Actors များဖြစ်ပြီး အဏ္ဏဝါဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် ပင်လယ်ပြင်ဆီယိုဖိတ်မှုနှင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့များပြားသည့် ရေကြောင်းဆိုင်ရာ တာဝန်များကို ထမ်းဆောင်နိုင်ရေး နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၃,၁၁၀ ဒသမ ၇၂ ရှိသည့် မိမိတို့နိုင်ငံအတွက် ကမ်းခြေစောင့် တပ်ဖွဲ့ကို ယခုထက် များစွာသောရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့ သွားရဦးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရသကဲ့သို့ ပင်လယ်ပြင်တွင်လည်း ပြည်တွင်း၊ ပြည်ပက ကုန်သွယ်ရေယာဉ်များကို စစ်ဆေးကြပ်မတ်ရခြင်း ဖြစ်သည့်အတွက် ရေကြောင်းဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာသိရှိ နားလည်ပြီး မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ရမည် ဖြစ်သကဲ့သို့ အဆိုပါဥပဒေများနှင့်အညီ ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကို ထမ်းဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *