◾ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံရပြီးနောက် ဗုံးကြဲခံရမှု ၁၃ ကြိမ်ရှိလာ
၆.၁၀.၂၄
Written By Zun
MNDAA အဓမ္မသိမ်းထားသော လားရှိုးမြို့ကို ယနေ့ အောက်တိုဘာ ၆ ရက်တွင် ဗုံးထပ်မံ ကြဲခဲ့သောကြောင့် တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၁ နာရီခွဲကျော်အချိန်က လားရှိုးမြို့ ရပ်ကွက်(၅)မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်ပေါ်သို့ လေကြောင်းမှ ပေါက်ကွဲအားပြင်း ဗုံးနှစ်လုံးကြဲချခဲ့ ကြောင်း MNDAA က ထုတ်ပြန်သည်။
အဆိုပါဗုံးဒဏ်ကြောင့် သုံးထပ်တိုက်အိမ်တစ်လုံးနှင့် နှစ်ထပ်တိုက်အိမ်တစ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး လူတစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
“လူနေအိမ်ကို ဗုံးကျတာဟုတ်တယ်။ အဲဒီအိမ်က ပိုင်ရှင်တွေ မနေဘူး။ ကိုးကန့်တွေပဲနေတာ။ တစ်ယောက်ထိတာ လည်း ကိုးကန့်ပဲလေ”ဟု လားရှိုးမြို့ နမ့်ပေါင်ရွာဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၅ ရက် နံနက် ၁၀ နာရီခွဲခန့် အချိန်ကလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ကြောင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အခြေစိုက်နေသည့် လားရှိုးမြို့ ၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ် အနီးသို့ အိပ်ဆောင် အဆောက်အဦရှိ ပြတင်းပေါက် ကွဲအက် ပျက်စီးခဲ့ကာ နေအိမ်အချို့ ထိခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းကလည်း လေကြောင်းတိုက်ခိုက်ခံရသောကြောင့် ရပ်ကွက်(၅) ဘုံကျောင်း(၁)လုံး ပျက်စီးခဲ့ကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂ ရက်ကစ၍ ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး နောက် စက်တင်ဘာလ ၈ ရက် ၊ စက်တင်ဘာလ ၉ ရက် ၊စက်တင်ဘာလ ၁၀ ရက်၊ စက်တင်ဘာ လ ၁၃ ရက်၊ စက်တင်ဘာလ ၂၁ ရက် ၊ စက်တင်ဘာလ ၂၄ ရက် ၊ စက်တင်ဘာလ ၂၅ ရက် ၊ စက်တင်ဘာလ ၂၇ ရက် ၊ စက်တင်ဘာလ ၂၈ ရက်၊ စက်တင်ဘာလ ၂၉ ရက် ၊ စက်တင်ဘာလ ၃၀ ည နှင့် မနက်တို့တွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MNDAA အနေဖြင့် လားရှိုးမြို့ကို အဓမ္မတိုက်ခိုက်သိမ်းယူထားကာ စစ်ပြီးပြီဟုကြေညာ၍ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် လေကြောင်းတိုက်ခိုက်မှုကို အလူးအလဲ ခံနေရခြင်းလည်း ဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို MNDAA လက်နက်ကိုင်အဖွဲ့များ စခန်းချနေထိုင်သည့် ဟိုတယ်များနှင့် နိုင်ငံပိုင်အဆောက်အအုံများဖြစ်ကြသော စာသင်ကျောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အားကစားရုံများ၊ ထွေအုပ်ရုံး၊ အားကစားရုံ၊ အစားအ သောက်ထောက်ပို့ဖြန့်ဖြူးရာ မြို့မဈေးတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။