October 6, 2024

၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ ရွှံ့မီးတောင်အုပ်စုမှ မီးတောင်တစ်ခု ယမန်နေ့တွင် ပေါက်ကွဲမှုကြောင့် ရွှံ့ရည်ပူများ အမြင့်ပေ ၁၀ အထိ လွှင့်စင်ပေါက်ထွက်ခဲ့သော်လည်း လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အများဆုံးပေါက်ကွဲလေ့ရှိသည့် ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံး မီးတောင်သည် အောက်တိုဘာ ၅ ရက် (ယမန်နေ့) နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ရွှံ့ရည်ပူများ အမြင့်ပေ ၁၀ ခန့်အထိ လွှင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ ဘေးပတ်လည် ၃၀၀ ပေခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သော်လည်း လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေ စိုက်ခင်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဖော်ပြထားသည်။

ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာ ပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိကြောင်း၊ ရွှံ့မီးတောင်သည် မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက် ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းနှင့် ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါး ရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၆ ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *