October 6, 2024

◾ ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းခွင့်ပေးဟုလည်း သတင်းထွက်

၆.၁၀.၂၀၂၄
Written By Zun

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးဆိုးရွားလာသောကြောင့် အထူးကြပ်မတ်ကုသနေရကြောင်း ယင်းနှင့်နီးစပ်သူတစ်ဦးက MT News ကို ယနေ့ အောက်တိုဘာလ ၆ ရက် ည ၇ နာရီကျော်အချိန်က ပြောသည်။

ကျန်းမာရေးချို့တဲ့ဆိုးရွားလာသောကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းဆေးကုသမှုခံယူနေရာမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ရပြီးနောက် အောက် တိုဘာလ ၅ ရက်ကစ၍ သတိမေ့နေခြင်းဖြစ်သည့်အတွက် အထူးကြပ်မတ်ဆောင်တွင် ထားရှိကုသနေခြင်းဖြစ်ကြောင်း သိရသည်။

“အခုထိ သတိမရသေးဘူး။ ICU ထဲမှာပဲ ရှိနေတယ်ဆိုတာ သေချာပါတယ်”ဟု ယင်းက ပြောသည်။

ယင်းအပြင် ဒေါက်တာဇော်မြင့်မောင်အား ယနေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း မန္တလေးအိုးဘို အကျဉ်းထောင်က လာဖတ်ပြခဲ့သည်ဟုလည်း NLD ပါတီဝင်တစ်ဦးက ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး မန္တလေးအိုးဘိုထောင်အတွင်း ထောင်ဆေးရုံတွင်ကုသမှု ခံယူနေရာမှ ဇွန် ၂၅ ရက်တွင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူနေရခြင်းဟု သိရသည်။

အသက် ၇၃ နှစ် အရွယ်ရှိ ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်ကစ၍ သွေးကင်ဆာရောဂါ ခံစားခဲ့ရခြင်းဖြစ်သည်။ ယင်းကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများကို မပြတ်သောက်နေရသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ လက်ရှိတွင် ထောင်ဒဏ် ၂၉ နှစ်ထိ ချမှတ်ခံထားသူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *