၆.၁၀.၂၀၂၄
Written By Zun
ဂိမ်းထဲတွင် အဆဲခံရသည်ဆိုသော ပဲခူးချမ်းသာကြီးကျောင်းတိုက်မှ ကိုရင်အား လူဝတ်လဲ၍ ကျောင်းတိုက်က နှင်ထုတ်လိုက်ကြောင်း အဆိုပါကျောင်းတိုက်က ယမန်နေ့ အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ပဲခူးမြို့ မဇင်းရပ်ကွက်၊ ချမ်းသာကြီးကျောင်းတိုက်၊ ချမ်းသာကြီးဘုရားပေါ် ဖြစ်ပွားခဲ့သော ကိစ္စကို ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းတိုက်သံဃာများ မသိရှိခဲ့ကြောင်း၊ အချင်းဖြစ်ပွားချိန် ဆရာတော်နှင့်သံဃာတော်များ ဆွမ်းစားပြီး ကျိန်းစက်နေချိန်ဖြစ်ပွားခဲ့သည့် ကိစ္စသာဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါကျောင်းထိုင်ဆရာတော်မှာ သက်တော်(၈၅) ရှိပြီဖြစ်၍ နား၊ မျက်စိမကောင်းသည့်အပြင် ကျောင်းတိုက် သံဃာတော်များမှာလည်း သက်ကြီးသံဃာတော်များဖြစ်ကာ ဂိမ်းဆော့နေစဉ်အဆဲခံရသည်ဆိုသော ကိုရင် ရှင်ဝိမလတစ်ပါးသာ ကျောင်းတိုက်၌ ရှိကြောင်းလည်း သိရသည်။
လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာသော အကြောင်းအရာများကို သိရှိခဲ့ပြီးနောက် ကျောင်းတိုက်မှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုရင်ရှင်ဝိမလသည် ကျောင်းတိုက်တွင်း ပြင်ပကျောင်းသားများအား ခေါ်ယူနေထိုင်ခြင်း၊ ကျောင်းသားက လာရောက်တောင်းပန်သည့်အခါတွင်လည်း သံဃာ့ဝိနည်းနှင့်အညီ သက်န်းဝတ်ရုံထားခြင်းမရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုရင်အနေဖြင့် သာသနာတော်နှင့် မအပ်စပ်သည့်အပြုအမူကို လုပ်ဆောင်ခြင်း၊ ကျောင်းတိုက်စည်းမျဉ်းစည်းကမ်းနှင့်မကိုက်ညီ၍ အပြစ်ရှိသည်ကို စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့်ကျောင်းတိုက်မှလူဝတ်လဲစေကာ နှင်ထုတ်လိုက်ကြောင်း ဖော်ပြထားသည်။
“ဒါက ထိရောက်တဲ့ အပြစ်ပေးမှုမဟုတ်ဘူးဆိုပေမဲ့ သာသနာတော့ မညှိုးနွမ်းတော့ဘူးပေါ့။ တစ်ဖက်မှာစဉ်းစားစရာရှိတာက ဘုန်းကြီးကျောင်းကို အမှုပတ်မှာစိုးလို့ လူဝတ်လဲပြီးနှင်ထုတ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပြစ်မှုတစ်ခုကျူးလွန်တာကို ပြစ်ဒဏ်တစ်ခုခု ပေးတာကတော့ အဆင်ပြေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပဲခူးမြို့ခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ ကိုရင်အား ဂိမ်းထဲတွင် “ဆဲ”သည်ဆိုသော ၉ တန်းကျောင်းသားညီညီမင်းထက်အား ဒူးထောက်တောင်းပန်ခိုင်း၍ တောင်းပန်နေစဉ် အခြား ၉ တန်းကျောင်းသား ဆန်းမိုးက မျက်နှာတည့်တည့်ကိုပါ ဖြတ် ရိုက်လိုက်သော ရုပ်သံဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက် ပဲခူး အ.ထ.က(၇)မှကျောင်းအုပ် ဆရာမကြီးက ဆန်းမိုးကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ယခုနှစ်စာမေးပွဲဖြေဆိုခွင့်၊ ကျောင်းတက်ခွင့်တို့ ကို ရပ်ဆိုင်းကာလာမည့်နှစ်တွင်လည်း အခြားကျောင်းသို့ ပြောင်းရွှေ့တက်ရောက်စေရန် အပြစ်ပေးအရေးယူခဲ့ပြီးဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။