October 6, 2024

၅.၁၀.၂၀၂၄
Written By Zun

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ် ကြီးများကို Telematics စနစ်စက်များ တပ်ဆင်ပြီး (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု သွားမည် ဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခု အောက်တိုဘာလ(၁၆)ရက်မှစ၍ အမြန်လမ်းအသုံးပြုခရီးသည်တင်မော်တော်ယာဉ်ကြီးများအနေဖြင့် Telematics စနစ် စက်တပ်ဆင်ခြင်းမရှိပါက ဖြတ်သန်းမောင်းနှင်ခွင့်မပြု ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့လမ်းဦးစီးဌာနက အသိပေးကြေညာထားပြီးဖြစ်သည်။

အမြန်လမ်းမကြီးများ ဥပဒေနှင့်အညီ စည်းကမ်းတကျ သွားလာစေရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန်နှင့် ခရီးသွားများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယင်း ခရီးသည်တင် မော်တော်ယာဉ်ကြီးများတွင် Telematics စနစ် စက်တပ်ဆင်မှုကို စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလကို ဇွန်လ ၁၈ ရက်က အောက်တိုဘာလ ၁၅ ရက်ထိ ရက်ပေါင်း(၁၂၀) သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် စက်တပ်ဆင်ခြင်းနှင့် ပညာပေးကာလလွန်မြောက်သည့် အောက်တိုဘာလ ၁၆ ရက်က စ၍ Telematics စနစ် စက်တပ်ဆင်ထားခြင်း မရှိသော ခရီးသည်တင်ယာဉ်ကြီးများကို အမြန်လမ်း သုံးစွဲခွင့် ပြုမည် မဟုတ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ လမ်းဦးစီးဌာနက ထပ်မံထုတ်ပြန်ခြင်း လည်း ဖြစ်သည်။

“ကားတစ်စီးဟာ ဘယ်နေရာမှာ သတ်မှတ်အရှိန်နှုန်းအတွင်းမှာပဲ မောင်းတယ်။ သတ်မှတ်အရှိန်နှုန်းကို ကျော်နေတယ်ဆိုတာကို Control Center မှာ အဲဒီကားနံပါတ်နဲ့တကွ ပေါ်နေမယ်။ ဒီလိုဆိုရင် ကားမောင်းတဲ့သူရော သိရတယ်။ ကားတစ်စီးနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံး တိတိကျကျ သိရတာပေါ့။ ဒီလိုသိရတာကြောင့် လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ပိုပြီးလျင်မြန်တယ်လေ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေးအဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။

Telematics ဆိုသည်မှာ ပြင်သစ်စကားလုံး “télématique”က ဆင်းသက်လာခြင်းဖြစ်ပြီး၊မော်တော်ယာဉ်၏ အရေးပေါ်အခြေအနေ အချက်ပေးစနစ်၊တည်နေရာကိုညွှန်ပြစေသောစနစ်၊ ယာဉ်မောင်းနေစဉ်ဖုန်းကိုလက်ဖြင့် ကိုင်ရန်မလိုဘဲပြောဆိုနိုင်သောစနစ် (အလိုအလျောက်ဖုန်းကိုင်ပေးခြင်း စသော)အန္တရာယ်ဖြစ်စေနိုင်သည့်အရာများကို ချိတ်ဆက်သတိပေးနိုင်သည့်စနစ်များ၊မော်တော်ယာဉ်တစ်စီးမတော်တဆဖြစ်ခဲ့လျှင်မည်သည့်အကြောင်းကြောင့်ဖြစ်ရသည်ကို Blackbox Data တွင် စုံစမ်းမှုလုပ်နိုင်သောစနစ် စသည်တို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် မောင်းနှင်သည့် မော်တော်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ကီလို မီတာများသတ်မှတ်ရာတွင် အိမ်စီးယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ(၁၀၀)၊ ခရီးသည်တင် Express ယာဉ်များကို ကီလိုမီတာ (၉၀) ၊ Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များကို ကီလိုမီတာ (၆၀)အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မော်တော်ယာဉ်အနေဖြင့်သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ပါက အရှိန်လျှော့မောင်းရန် ပထမအကြိမ်၊ ဒုတိယအကြိမ် နှစ်ကြိမ်တိုင် သတိပေး၍ တတိယအကြိမ် သတိပေးခံရပါက အမြန်လမ်းမကြီး အသုံးပြုခွင့် ၆လ ၊ ၃လ ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *