October 6, 2024

၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်းကားဈေးနှုန်းသည် ကျသင့်သည့်ဈေးနှုန်းသို့ အပြည့်အဝမကျဆင်းထား၍ ဈေးနှုန်းမြင့်တက်လေ့ရှိသည့် ဝါကျွတ်ကာလတွင် ဈေးနှုန်းမြင့်တက်မှုမရှိနိုင်ဘဲ လက်ရှိဈေးတန်းဖြင့်သာ  ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှ လုပ်ငန်းရှင်တချို့က ခန့်မှန်းသည်။

ပြည်တွင်းကားဈေးကွက်အခြေအနေသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ကျပ် ၂၀,၀၀၀ တန် ဂယက်နှင့်အတူ တားဆီးမနိုင်အောင် မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ၂၀၂၄ ခုနှစ် ဇွန်လအထိ ပြန်လည်တည်ငြိမ်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇွန်လနှင့် ဇွန်လိုင်လများအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်းများ လှုပ်ခတ်လာမှုကြောင့် ကားဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး လက်ရှိဒေါ်လာနှင့်ရွှေဈေးနှုန်း ပြန်ကျဆင်းချိန်တွင် ကားဈေးနှုန်း အကျဘက်သို့ ပြန်ဦးတည်ခဲ့သော်လည်း အမျိုးအစားအားလုံး ကျဆင်းမှုမရှိခဲ့ခြင်းကြောင့် ကားဈေးနှုန်း မြင့်တက်လေ့ရှိသည့် သီတင်းကျွတ်နောက်ပိုင်း(ဝါကျွတ်ကာလ)တွင် လက်ရှိဈေးတန်းများဖြင့်သာ ဆက်လက် အရောင်း အဝယ် ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ အားလုံးခြုံငုံပြောရင် ကျတယ်။ ဒါပေမဲ့ ကျတယ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ လာမယ့် သီတင်းကျွတ်မှာ ဒီဟာတွေ ပြန်တက်မလားဆိုရင် ကျတာအကုန် ပြန်မကျတဲ့အတွက် အကုန်လုံး ပြန်တက်ဖို့မရှိဘူး။ ဒီအနေအထားလေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေမယ်လို့ မှန်းထားတယ်” ဟု MAMDA မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောသည်။

ပြည်တွင်းကားဈေးကွက်၌ လက်ရှိတွင် အိမ်စီးကား ICE နှင့် EV အမျိုးအစားနှစ်ခုလုံး ယခင်ထက် အရောင်းအ ဝယ်ဖြစ်နေသော်လည်း စီးပွားရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် မ‌ဆောင်ရွက်နိုင်၍ လုပ်ငန်းသုံးကားများ အရောင်းအဝယ်အေးနေကြောင်း သိရသည်။

“ဈေးကွက်ထဲကတော့ အထူးသဖြင့် များသောအားဖြင့် လူစီးကားပေါ့။ Commercial ကတော့ ဒီအချိန်မှာ Commercial အလုပ်ကလည်း အရမ်းကြီးလုပ်မရတဲ့အခါ လူစီးကားထဲမှာပဲ အရောင်းအဝယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရင်တုန်းကဆို ICE တစ်မျိုးတည်းပေါ့။ ICE ကတော့ တစ်မျိုးတည်း ဦးဆောင်နေတာပေါ့ အရှေ့ကနေ။ အခုကြတော့လည်း EV အစားထိုးလာတဲ့အခါ EVရော ICE ရော အကုန်လုံးရောင်းရပါတယ်။ မြို့ပြတွေမှာတော့ EV က ပိုပြီးတော့ ဝယ်လိုအားပိုများလာတယ်” ဟု MAMDA မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လတ်တလောတွင် SUV Type ပုံစံ အိမ်စီးကားအမျိုးအစားများ ပိုမိုအ‌ရောင်းအဝယ်ဖြစ်နေပြီး အရောင်းအ ဝယ်ဖြစ်မှု ဈေးနှုန်းများအနေဖြင့် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ ကြားရှိ ကားများ ပိုမိုအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *