October 5, 2024

၅.၁၀.၂၀၂၄
Written By Zun

တရုတ်- မြန်မာဖက်စပ်ဘီစကစ်စက်ရုံ(Myanmar Ding Wang )ကို PDF များက ဓားပြဝင်တိုက်ကာ ကျပ်သိန်း (၃ဝဝ)ခန့်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို ယူဆောင်ထွက်ပြေးသွားမှု ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘီစကစ်စက်ရုံမှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့၏အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း (Phase-1)တွင် လုပ်ငန်းလုပ်ကိုင်နေသောစက်ရုံ ဖြစ် သည်။

ယနေ့နံနက် ၇ နာရီမထိုးမီအချိန်ခန့်က PDF ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် စက်ရုံဝင်းအတွင်း ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ကာ စက်ရုံမန်နေဂျာရုံးခန်းအတွင်းဝင်ရောက်၍ လစာ ကျပ်သိန်း(၃၀၀) ခန့်ကို ယူဆောင်လျက် စက်ရုံဝင်းအတွင်းရပ်ထားသည့် စက် ရုံပိုင် Honda Fit အမျိုးအစား၊ အပြာရောင် IK-1753 ကိုပါ မောင်းနှင်သွားကြောင်း သိရသည်။

PDF ၅ ဦးတွင် ၃ ဦးက ဆိုင်ကယ်များကို မောင်းနှင်၍ ကျန် ၂ ဦးက အဆိုပါ ယာဉ်ကိုမောင်းနှင်ကာ တံတားဦး- မြို့သာ-မြင်းခြံကားလမ်းမအတိုင်း၊ မြင်းခြံမြို့နယ်၊ န ဘူးအိုင်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ဒေသ ခံသတင်းရင်းမြစ်များက ပြောဆိုနေကြသည်။

“စက်ရုံတွေက လစာကို လကုန်တိုင်း လဆန်း ၄ ရက်၊ ၅ ရက် နေ့တွေမှာ ထုတ်ပေးတာ ပုံမှန်ပဲ။ ဒီစက်ရုံမှာက ဒီနေ့ နေ့လယ် လစာပေးမှာ။ အဲဒီအတွက် လစာငွေထုပ်က ရှိနေတယ်။ တစ်ယောက်ယောက်က လက်ထောက်ချတာလည်း ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပေါ့။ ကျွန်တော့်ညီမက အဲဒီစက်ရုံမှာလုပ်နေတာ။ မနက်ပိုင်း ၇ နာရီ မထိုးသေးဘူး။ စက်ရုံဝန်ထမ်းတွေ စက်ရုံထဲကိုဝင်တဲ့အချိန်ပေါ့။ အဲဒီအချိန်ဆိုရင် လူ တစ်ရာနီးပါး ရှိတယ်လေ။ အဲဒီမှာ သူတို့က ရောပြီးဝင်လာတာ။ ကျွန်တော်ကြားသလောက်ကတော့ သူတို့က ဝင်လာပြီးတော့ သေနတ်ပြ ပြီး လက်ကိုခေါင်းမှာကပ်၊ ဒူးတုတ်ထိုင်ခိုင်းတာ၊ ဝပ်ပြီးနေခိုင်းတာလုပ်တယ်တဲ့။ အဲဒီမှာ ဝန်ထမ်းတွေကလည်း ကြောက်နေကြတာ ဖြစ်မယ်”ဟု ယင်းစက်မှုဇုန်တွင် အနီးတွင် နေထိုင်လုပ်ကိုင်သူတစ်ဦးက MT News ကို ပြောသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်လာကာ စက်ရုံတာဝန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ဓားပြတိုက်သွားသည့် PDF များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *