October 5, 2024

၅.၁၀.၂၀၂၄
Written By ZUn

နွားတစ်ကောင်ကို ကျပ်ငွေတစ်သောင်းဖြင့် အငှားဆွဲပို့သူတစ်ဦး ယမန်နေ့က ချောင်းအတွင်းနွားနှစ်ကောင်ဖြင့် ဖြတ်ဆင်းချိန် ရေနစ်ရာမှ ယနေ့တွင် အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသတွင်း ရေနစ်သူကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်က နွားများကိုဆွဲကာ ရေစီးသန်နေသော ချောင်းကို ဖြတ်ကူးကာ မြစ်သို့ဆင်းရာမှ ရေနစ်ခဲ့ခြင်း ဖြစ်သည်။

ရေနစ်သူမှာ ပြည်မြို့နယ် နဝင်းနယ်မြေ အနောက် လက်ခုတ်ပင်ရပ်နေ အသက် ၅၄ နှစ်အရွယ် လူပျိုကြီး ကိုသန်းအောင်ဆိုသူဖြစ်ကြောင်း သိရသည်။

“ကျပန်းလုပ်တာသူက။ ကိုင်းလုပ်ချိန် ကိုင်း။ လယ်လုပ်ချိန် လယ်။ အခုက နွားတစ်ကောင်ကို တစ်သောင်းနဲ့ နွား နှစ်ကောင် ဆွဲတာဖြစ်မယ်။ နဝင်းချောင်းနဲ့ လော့သော်ချောင်းဆုံတဲ့နေရာ။ အဲဒီကနေ ချောင်းအတိုင်းစီးဆင်းပြီးတော့ ဧရာဝတီမြစ်ကိုသွားတာပေါ့နော်။ အဲဒီနေရာမှာ ဖြစ်တာ။ အဲဒီကနေ သူက ဘယ်ကိုဖြတ်ထွက်လဲဆိုတော့ တောင်ကုန်းရွာကနေ ချောင်းနားတန်းဘက်ကို ဖြတ်ဆွဲတာ။ ရေက စီးနေတယ်။ ရေနစ်တာက မနေ့က မွန်းတည့် ၁၂ နာရီလောက်ကပဲလို့ ကြားတယ်။ ကျွန်တော်တို့ဆီကို အကူအညီလာတောင်းတာက ညနေ ၅ နာရီမှ ဆိုတော့ အချိန်က ကြာနေပြီ။ ဒါကြောင့် ဒီနေ့မနက်မှ ရှာကြရတော့ ၂ ကြိမ် နားခဲ့ရသေးတယ်။ အလောင်းကို တွေ့ တာက မွန်းလွဲ ၂ နာရီခွဲလောက်မှာ တွေ့တာ”ဟု ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက MT News ကို ပြောသည်။

အဆိုပါ သေဆုံးသူ ကိုသန်းအောင်၏ ရုပ်အလောင်းကို ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းက ဆယ်ယူပြီး မိသားစုထံ အပ်နှံခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *