October 5, 2024

၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

သီတင်းကျွတ်ကာလအတွင်း တည်ငြိမ်အေးချမ်းသော ခရီးသွားဒေသများဖြစ်သည့် ပုဂံ-ညောင်ဦး၊ ချောင်းသာ၊ ငွေဆောင်နှင့် မန္တလေးခရီးစဉ်များသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်နိုင်ရန် လေကြောင်းလိုင်း ခရီးစဉ်များကို တိုးချဲ့ပျံသန်းပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများမှ အသိ‌ပေးကြေညာထားသည်။

ပြည်တွင်းလေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် ရန်ကုန်မှ ပုသိမ်၊ ပုသိမ်မှ ညောင်ဦး၊ ညောင်ဦးမှ မန္တလေးလေး ခရီးစဉ်များကို လာမည့် အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

MNA အနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မှ နံနက် ၆ နာရီခွဲ ထွက်ခွာကာ ပုသိမ်သို့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ပုသိမ်မှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာကာ ညောင်ဦးသို့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရောက်မည်ဖြစ်သည်။ ညောင်ဦးမှ နံနက် ၉ နာရီ ၂၅ မိနစ်တွင် ထွက်ခွာကာ မန္တလေးသို့ နံနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက်တွင် မန္တ‌လေးမှ နေ့လယ် ၃ နာရီထွက်ခွာကာ ညောင်ဦးသို့ နေ့လယ် ၃ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ညောင်ဦးမှ နေ့လယ် ၃ နာရီ ၅၀ မိနစ်တွင် ထွက်ခွာကာ ပုသိမ်သို့ ညနေ ၄ နာရီ ၃၅ မိနစ်တွင်‌ ရောက်ရှိမည်ဖြစ်သည်။ ပုသိမ်မှ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ထွက်ခွာကာ ရန်ကုန်သို့ ၆ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

အလားတူ Mingalar လေကြောင်းလိုင်းမှလည်း အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်-ပုသိမ် အထူးခရီးစဉ်အသစ်အဖြစ် ပြေးဆွဲပေးမည်ဖြစ်ပြီး မန္တလေး၊ ညောင်ဦး ခရီးစဉ်များကိုပါ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ပြေးဆွဲပေးမည့်အချိန်များကိုမူ ထုတ်ပြန်ပေးထားခြင်း မရှိသေးပေ။

“ရန်ကုန်ကနေ တိုက်ရိုက်လို့ရေးထားပေမယ့် Flight Network အနေနဲ့ဆိုရင်တော့ ညောင်ဦး-မန္တလေးတို့ကိုလည်း ပတ်တယ်။ ရန်ကုန်နဲ့ ပုသိမ်ကိုတော့ တိုက်ရိုက်ပေါ့။ ဒါက Special Flight အနေနဲ့ပဲ ဆွဲပေးတာဆိုတော့လေ လောလောဆယ်တော့ Schedule အနေနဲ့ ပြောင်းဆွဲထားတာမဟုတ်ဘူး” ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါခရီးစဉ်များအတွက် လေကြောင်းလိုင်းနှင့် ခရီးစဉ်များ ကွာခြားမှုအရ လက်မှတ်နှုန်းထားများ ကွာခြားမှုရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် လူတစ်ဦးလျှင် ကျပ် ၁၈၅,၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *