October 5, 2024

◾ MNDAA လက်နက်ကိုင်များ အခြေချထားသည့်ကွန်ပျူတာတက္ကသိုလ်အနီး ဗုံးကြဲမှု တစ်နေ့တည်း လေးကြိမ်ခန့်ရှိဟုဆို

၅.၁၀.၂၀၂၄
Written By Zun

အကြမ်းဖက်အဖွဲ့အဖြစ် စက်တင်ဘာ ၂ ရက်မှ စတင်ကြေညာခံထားရသော တရုတ်ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အခြေစိုက်နေသည့် လားရှိုးမြို့၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ်အနီးသို့ ယနေ့အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က လေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် MNDAA လက်နက်ကိုင်များ အခြေချနေသည်ဆိုသည့် တက္ကသိုလ်အနီး အိပ်ဆောင် အဆောက်အဦရှိ ပြတင်းပေါက် ကွဲအက် ပျက်စီးခဲ့ကာ နေအိမ်အချို့ ထိခိုက်ခဲ့သော်လည်း သေဆုံးထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းကလည်း လေကြောင်းတိုက်ခိုက်ခံရသောကြောင့် ရပ်ကွက်(၅)ရှိ ဘုံကျောင်း(၁)လုံး ပျက်စီးခဲ့ကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်ကစ၍ ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး နောက် စက်တင်ဘာလ ၈ ရက် ၊ စက်တင်ဘာလ ၉ ရက် ၊စက်တင်ဘာလ ၁၀ ရက်၊ စက်တင်ဘာ လ ၁၃ ရက်၊ စက်တင်ဘာလ ၂၁ ရက် ၊ စက်တင်ဘာလ ၂၄ ရက် ၊ စက်တင်ဘာလ ၂၅ ရက် ၊ စက်တင်ဘာလ ၂၇ ရက် ၊ စက်တင်ဘာလ ၂၈ ရက်၊ စက်တင်ဘာလ ၂၉ ရက် ၊ စက်တင်ဘာလ ၃၀ မနက်နှင့်ည၊ အောက်တိုဘာ ၄ ရက်၊ ၅ ရက်တို့တွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

MNDAA အနေဖြင့် လားရှိုးမြို့ကို အဓမ္မတိုက်ခိုက်သိမ်းယူထားကာ စစ်ပြီးပြီဟုကြေညာ၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် လေကြောင်းတိုက်တိုက်မှုကို အလူးအလဲ ခံနေရခြင်းလည်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် MNDAA လက်နက်ကိုင်အဖွဲ့များ စခန်းချနေထိုင်သည့် ဟိုတယ်များနှင့် နိုင်ငံပိုင်အဆောက်အအုံများဖြစ်ကြသော စာသင်ကျောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အားကစားရုံများ၊ ထွေအုပ်ရုံး၊အားကစားရုံ၊အစားအသောက်ထောက်ပို့ဖြန့်ဖြူးရာ မြို့မဈေးချယ်ရီရုံတို့ကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၃၀ ရက် နံနက်က လားရှိုးမြို့ ဂေါက်ကွင်း၊ ရပ်ကွက်(၁၁)အောင်စေတနာလမ်းသွယ်ရှိလူနေအိမ်များ၊ ရပ်ကွက်(၈)ရှိ မနောမိ ဝပ်ရှော့ဆိုင်အနောက်ဘက်သို့ ဗုံး ကြဲချခဲ့သောကြောင့်နေအိမ်များနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာပျက်စီးခဲ့ပြီး တစ်ဦ ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့အချိန်ပို့ဆောင်ထားကြောင်း သိရသည်။

MNDAA က မြန်မာနိုင်ငံ၏အခြေအနေကိုကြားဝင်စေ့စပ်ဖြေရှင်းပေးရန် တရုတ်နိုင်ငံကို အထူးမေတ္တာရပ်ခံကြောင်း၊ ယင်းအပြင်ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်း၍ ပဋိပက္ခများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ဟုလည်းကောင်း၊ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများ နှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းမှာ MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်ဟုလည်းကောင်း၊ NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများလုံးဝပြုလုပ်မည်မဟုတ်ဟုလည်းကောင်း စက်တင်ဘာ ၄ ရက် ရက်စွဲဖြင့် စက်တင်ဘာလ ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သေးသည်။

သို့သော်လည်း MNDAA က မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကိုလုံးဝပြောင်းလဲမည်မဟုတ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *