October 5, 2024

၅. ၁၀. ၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် PDF အဖွဲ့ဝင်များဟု ယူဆရသော အမျိုးသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် PDF များ ရောက်ရှိနေကြောင်း ပြည်သူများထံမှ သတင်းရရှိသောကြောင့် သွားရောက်စစ်ဆေးဖမ်းဆီးရာ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးနှင့် အသက် ၅၀ နှင့် ၆၀ ကြား သက်ကြီးပိုင်းအမျိုးသားနှစ်ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကို လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော တယ်လီဂရန်သတင်းဌာနများတွင်လည်း ဖော်ပြထားပြီး ဖမ်းမိသည့် PDF လေးဦးထံမှ M16 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၅ ဒသမ ၅၆ ကျည် ၄၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အဆိုပါ PDF အမျိုးသား လေးဦး ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ထုတ်ပြန်ခြင်းမရှိသေးသလို ဖမ်းမိသူများအား ဆက်လက်စစ်ဆေးနေပြီး ပတ်သက်ဆက်နွှယ်သူများကို စိစစ်ဖော်ထုတ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *