October 5, 2024

ပုံစာ ။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ (၃၁) ကြိမ်မြောက် အစည်းအဝေးတွင် ဦးမင်းထွဋ်ကို တွေ့ရစဉ်။

MT News
၅. ၁၀. ၂၀၂၄

အတိုးနှုန်းသက်သာသည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ငါးနှစ်အထိ အရစ်ကျပြန်ဆပ်စနစ်ဖြင့် ကျပ်သန်းပေါင်း ၂၄၄၄၁၃ ကျော် ထုတ်ချေးပေးထားသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် လေးခုမှ တောင်သူများအား ချေးငွေကျပ် ၂၄၄၆ ဒသမ ၂၀ သန်း ထုတ်ချေးထားပြီးဖြစ်သည်။

ထို့အပြင် အဆိုပါစီမံကိန်းစတင်သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ တို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထား ပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ချေးငွေကြွေးကျန်ကျဆင်းရေးအတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *