October 5, 2024

၅.၁၀.၂၀၂၄
Written by K Pyay Thein

ကရင်ပြည်နယ်၊ ဒေါနတောင်ဖြတ် တောလမ်းတွေကိုထိန်းချုပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လမ်းကြေးကောက်ခံမှုတွေကတစ်ဆင့် တစ်လပျမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းဝန်းကျင်အထိရရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

လက်ရှိကာလမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မကြာခဏပိတ်ထားရတာကြောင့် မြဝတီကနေ ဒေါနတောင်ကို ဖြတ်သန်းသွားလာရတဲ့ တောလမ်းကနေ ကုန်စည်နဲ့ ခရီးသည်တွေ ကူးသန်းနေရတာဖြစ်ပြီး အကျိုးဆက်အားဖြင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးတာနဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုးကျဆင်းတာတွေ ကြုံကြရတာဖြစ်တယ်လို့ ISP-Myanmar ကဆိုထားပါတယ်။

ISP-Myanmar ရဲ့ သုတေသနပြု မေးမြန်းမှုတွေအရ ရေရှည်မှာတော့ စီးပွားရေးသမားနဲ့ ကုန်သည်တွေသာ နစ်နာရတာမဟုတ်ဘဲ စားသုံးသူပြည်သူတွေမှာလည်း အခြေခံကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ စျေးခေါင်ခိုက်တာ၊ ရှားပါးပြတ်လပ်တာ စတဲ့ ဒုက္ခတွေကို ခါးစည်းခံစားကြရပြီး ဒါကြောင့် အာရှလမ်းမကြီး တရားဝင် ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ရေးဟာ နိုင်ငံအဆင့် နယ်စပ်ကုန်သွယ်ရေးအတွက်သာမက သာမန်ပြည်သူတွေအတွက်လည်း အသက်ရှူထွက်ပေါက်ပမာ အရေးကြီးနေတာာဖြစ်တယ်လို့ သိရပါတယ်။

“လမ်းသစ်အာရှလမ်းမကြီးက သွားလို့ကိုမရတာလေ။ အခုလမ်းဟောင်းကနေဆို ရန်ကုန်-မြဝတီကို တစ်ညအိပ်သွားရတယ်။ ဒါက ကုန်မပါ၊ ခရီးသည်တွေချည်းသွားရင်ပေါ့။ ကုန်ပါရင်တော့ တစ်ခါတလေ လမ်းပိတ်တာ၊ မိုးရွာတာတွေ ရာသီဥတုဆိုးတာ‌တွေနဲ့ဆို ရက်ပိုကြာတတ်ပါတယ်”လို့ မြဝတီဒေသခံကားဆရာတစ်ဦးက MT News သို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်အတွင်းက မြဝတီနဲ့ ကော့ကရိတ်ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ နစက တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စီးပွားရေးအရ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စုစုပေါင်း ငါးကြိမ်ထက်မနည်း ယာယီပိတ်ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲစချိန်မှာ ပိတ်ထားတဲ့အာရှလမ်းမကြီးဟာ အခုချိန်အထိ ပြန်မဖွင့်နိုင်သေးပါဘူး။

ဒီလိုအ‌ခြေအနေတွေကြောင့် အခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က နစကအစိုးရအဖွဲ့ ရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးတို့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာတွေ့ခဲ့ကြပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးပြီးတဲ့နောက် မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရေး နှစ်ဖက်ညှိနှိုင်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။

အာရှလမ်းမကြီးပြန်ဖွင့်နိုင်ရေး အခုဆောင်ရွက်နေတဲ့ ညှိနှိုင်းမှုတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ က ဦးဆောင်ပြီး တပ်မဟာ-၇၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ ပါဝင်ကြောင်း ISP-Myanmar က ဖော်ပြထားပါတယ်။

Photo – CJ/ISP-Myanmar

#ဒေါနတောင်ဖြတ်ကျော်လမ်း #ကရင်လက်နက်ကိုင် #မြဝတီ #နယ်စပ်ကုန်သွယ်ရေး #ထိုင်း_မြန်မာ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *