October 5, 2024

၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း Ping River မြစ်၏ မြစ်ရေမှာ အောက်တိုဘာလ ၅ ရက်၊ စနေနေ့ နံနက်တွင် မြင့်တက်လာခဲ့ရာ မွန်းတည့်ချိန်တွင် ရေမျက်နှာပြင်က စံချိန်တင်လောက်အောင် ၅ ဒသမ ၃ မီတာ အထိရောက်ရှိကာ ရေလွှမ်းမိုးမှုကြောင့် မြို့ထဲတွင် ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်နေရကြောင်း သိရသည်။

ချင်းမိုင်မြို့အနီး တိရစ္ဆာန်ဘေးမဲ့စခန်းမှ ဆင်နှစ်ကောင်ဆိုလျှင် ရေကြီးမှုနှင့် အတူမျောပါသွားခဲ့ရာ Mae Taeng ခရိုင်အတွင်း ၎င်းတို့ကို သေဆုံးလျက်သား ပြန်တွေ့ရကြောင်းလည်း သတင်းများကဖော်ပြခဲ့သည်။

ချင်းမိုင်မြို့အတွင်း ဖြတ်သန်းစီးဆင်းနေသော Ping River မြစ်က နှစ် ၅၀ ကာလအတွင်း တစ်ကြိမ်မှ မရောက်ရှိခဲ့သော စိုးရိမ်ရေမှတ်အထက်သို့ လျင်မြန်စွာ ရောက်ရှိလာခြင်းလည်းဖြစ်သည်။

အောက်တိုဘာလ ၅ ရက်တွင် မြို့၏ နေရာတော်တော်များများ၌ ရေလွှမ်းမိုးမှုက ရေအမြင့် တစ်မီတာ (သုံးပေခန့်) အထိရှိနေသည်။ မြို့၏စီးပွားရေးဇုံနယ်မြေများဆိုလျှင် စက်တင်ဘာလ ၂၆ ရက်က ပထမအကြိမ် ရေလွှမ်းမိုးမှုကို ခံခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်နေချိန်မှာပင် ဒုတိယအကြိမ်ရေလွှမ်းမိုးမှုဒဏ်ကို ခံကြရခြင်းဖြစ်သည်။

အဓိကစီးပွားရေးနယ်မြေဖြစ်သော ချန်ကန်လမ်းနှင့်ညဈေးတို့ဆိုလျှင် ရေအနက် တစ်မီတာခန့်ရှိနေရာ ဈေးဆိုင်များစွာမှာ ပိတ်ထားရသည့် အခြေအနေသို့ရောက်ခဲ့ရသည်။ မြင့်တက်လာနေသည့်ရေမျက်နှာပြင်ကြောင့် ကမ္ဘာလှည့်ခရီးသွားများဆိုလျှင် ဘေးအန္တရာယ်ကင်းသောနေရာများသို့ တာဝန်ရှိသူများ ပို့ပေးနေရသည်။ သို့သော် ဟိုတယ်များမှာမူ ဖွင့်လှစ်ထားဆဲရှိကာ ဆက်လက်နေထိုင်နေကြသည့် ဧည့်သည် များကို စောင့်ရှောက်ပေးလျက်ရှိသည်။

ချင်းမိုင်မြို့သို့ ဆက်သွယ်ထားသည့် ရထားလမ်းများမှာလည်း Ping River မြစ်က မြစ်ရေလျှံမှုကြောင့် ရထားလမ်းများအားဖုံးလွှမ်းကာ ဖြတ်သန်းသွားလာ၍ မရဘဲဖြစ်နေပြီး ရထားလမ်းများတစ်လျှောက် မြို့၏ နောက်ထပ်မြစ်တစ်စင်းသဖွယ် ရေစီးကြောင်းကြီးဖြစ်နေကြောင်း သိရသည်။

မွန်းတည့်ချိန်တွင် Ping River မြစ်၏ရေမျက်နှာပြင်က ၅ ဒသမ ၃ မီတာရှိရာမှ ဆက်လက်မြင့်တက်နိုင်သေးကြောင်း ခန့်မှန်းထားကြသည်။

Ref- Bangkok Post, Khaosod

Leave a Reply

Your email address will not be published. Required fields are marked *