October 5, 2024

၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၁၃ ဒသမ ၁၁၂ သန်းနှင့် တရုတ်ယွမ် သုံးသိန်းခန့် ထပ်မံထုတ်ရောင်း၍ နှစ်လကျော်အတွင်း ဒေါ်လာသန်း ၃၃၀ ကျော်နီးပါးအထိ ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၄ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့၍ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ဒေါ်လာ ၂၂၈ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ထို့နောက်တွင်လည်း ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းပေးမှုအပါအဝင် နှစ်ပတ်အတွင်း ရောင်းချပေးမှုမှာ ဒေါ်လာ ၈၈ သန်းကျော်အထိရှိသောကြောင့် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ နှစ်လအတွင်း စုစုပေါင်းဒေါ်လာရောင်းချပေးမှုမှာ ဒေါ်လာ ၃၁၆ သန်း ကျော်အထိ ရှိလာပြီဖြစ်သည်။ အောက်တိုဘာ ၃ ရက်တွင် ဒေါ်လာ ၈ သိန်းခန့်နှင့် ယခုထပ်မံထုတ်ရောင်းပေးသည့် ဒေါ်လာ ၁၃ သန်းအပါအဝင် နှစ်လကျော်အတွင်း ဒေါ်လာ ၃၂၉ သန်းကျော် ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းသည့် တရုတ်ယွမ် သုံးသိန်းခန့်အပါအဝင် ယွမ်သန်း ၃၀ ကျော် ထုတ်ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း ၃၂၀ ကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၅၅၀ အထိ ကျဆင်းခဲ့သည်။ ယခုရက်ပိုင်း ဒေါ်လာဈေး ပြန်လည်မြင့်တက်ခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄၇၀၀ ကျပ် ဖြစ်ပေါ်ခဲ့သဖြင့် တစ်ပတ်ကျော်ကြာသည်အထိ တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *