October 5, 2024

၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်ပါတီရဲ့လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာလ ၄ ရက်မှာကျင်းပတဲ့ အိမ်ဖြူတော်သတင်းစာရှင်းပွဲတစ်ခုမှာ လာမယ့် သမ္မတရွေးကောက်ပွဲက လွတ်လပ်ပြီးမျှတမှုရှိမယ်လို့ သူ့အနေနဲ့ယုံကြည်ပေမယ့် ရွေးကောက်ပွဲက ငြိမ်းချမ်းမှုရှိမယ်လို့တော့ အာမမခံနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်းဒေါ်နယ်ထရန့်ကို သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance က “သူ့အနေနဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာမယ့်ရလဒ်ကို လက်ခံမလား” ဆိုတဲ့မေးခွန်းကို အောက်တိုဘာလ ၁ ရက်က လှီးလွှဲ ရှောင်တိမ်းဖြေကြားခဲ့အပြီးမှာ ဂျိုးဘိုင်ဒန်ကလည်း “နောက်ဆုံးရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ရလဒ်ကိုတောင် လက်ခံခဲ့ကြတာမဟုတ်ဘူး။ ဒီတော့ လာမယ့်ရွေးကောက်ပွဲရလဒ်အပေါ်ကိုရော သူတို့ ဘာလုပ်ကြမလဲ။ ကျွန်တော်စိုးရိမ်မိတယ်။ ရွေးကောက်ပွဲကငြိမ်းချမ်းပါ့မလား သံသယဖြစ်မိတယ်” လို့ ပြောသွားခဲ့ပါသေးတယ်။

ဂျိုးဘိုင်ဒန်ရဲ့ပြောကြားမှုက ၂၀၂၀ ပြည့်နှစ်ရွေးကောက် ပွဲအပြီး ဒေါ်နယ်ထရန့် ရှုံးနိမ့်ခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက ကွန်ဂရက်အဆောက်အအုံကို ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာမျိုး ထပ်မံဖြစ်ပွားလာမှာ အမေရိကန်အစိုးရက စိုးရိမ်နေတယ်ဆိုတာ မီးမောင်းထိုးပြခဲ့တာပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ လာမယ့်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး မူလက ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ အမည်တင်သွင်းထားတဲ့ ဂျိုးဘိုင်ဒန်ဟာ သူနဲ့ထရန့်တို့ရဲ့ ပထမအကြိမ်စကားစစ်ထိုးပွဲမှာ သူ့ရဲ့ဆိုးဝါးတဲ့အမူအယာကြောင့် ရွေးကောက်ပွဲကထွက်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ ဒီနောက် သူ့အစား ဒီမိုကရက်ပါတီက ဒုတိယသမ္မတ ကာမာလာ ဟားရစ်ကို ပါတီရဲ့ သမ္မတလောင်းအမည် တင်သွင်းထားတာပါ။

သမ္မတလောင်းဟားရစ် ကတော ထရန့်နဲ့ စကားစစ်ထိုးပွဲမှာ ထရန့်အနေနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုကို မလိုလားဘူးလို့ စွပ်စွဲခဲ့ပါသေးတယ်။

Ref- New York Times

Leave a Reply

Your email address will not be published. Required fields are marked *