October 5, 2024

၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

အိမ်ခြံမြေနှင့် ကားများကို အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချသွားမည့် ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီးအား ရန်ကုန်မြို့ရှိ Lotte Hotel တွင် ယနေ့မှစတင်ပြီး နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲအား i-Myanmar House နှင့် CARSDB တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်၊ မော်တော်ကားများ၊ အရစ်ကျဝယ်ယူနိုင်ရန် ချိတ်ဆက်ထားသည့် ဘဏ်များ၏ ပြခန်းများအပါအဝင် စုစုပေါင်းအ‌ရောင်းပြခန်း ၃၀ ကျော် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။

“အိမ်၊ ခြံ၊ မြေနဲ့ ကားတွေကို အထူးဈေးနှုန်းများ အရစ်ကျစနစ်များနဲ့ စီစဉ်ရောင်းချပေးမှာ ဖြစ်တဲ့အတွက်ကြောင့် လာရောက်ကြည့်ရှုဝယ်ယူသူများအတွက်လည်း အထူးအဆင်ပြေစေမယ်လို့ အများကြီးမျှော်လင့်ပါတယ်” ဟု i-Myanmar House ၏ CEO ဦးနေမင်းသူက ပြောသည်။

အဆိုပါ ပြပွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်တို့မှ မြေကွက်များ၊ ရန်ကုန်မြို့ရှိ အဆင့်မြင့်ကွန်ဒိုနှင့် တိုက်ခန်းများကို လာရောက်ပြသထားပြီး အမျိုးအစားအပေါ်မူတည်ကာ ၁၅ ရာခိုင်နှုန်းဝန်းကျင် ဈေးနှုန်းလျှော့ချ ရောင်းချပေးနေခြင်းလည်းဖြစ်သည်။

အိမ်ခြံမြေနှင့် ကားများ ရောင်းချပေးနေခြင်းအပြင် ကန်ထရိုက်တာလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ချေးငွေအရစ် ထုတ်ယူနိုင်မည့် အစီအစဉ်များ၊ တိုက်ခန်း၊ ကွန်ဒိုနှင့် အိမ်ခြံမြေ ဝယ်ယူသူများအတွက်လည်း ချေးငွေရယူနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကိုလည်း သွားရောက်လေ့လာစုံစမ်းနိုင်သည့် ပြခန်းများကိုလည်း ထည့်သွင်းပြသထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *