October 5, 2024

၅.၁၀.၂၀၂၄
Written By Thandar

ပရဟိတမိခင်ကြီးအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၃၀၀ မ,တည်မှုနဲ့အတူ ခုနစ်ရက်သားသမီးတွေရဲ့ လှူဒါန်းငွေကတော့ ကျပ်သိန်း ၃၀၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့အတွက် ရမည်းသင်း၊ တာချီလိတ်ဒေသတွေကို ဆက်လက်သွားရောက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ရေဘေး အလှူငွေအတွက် သိန်းပေါင်း (၃) သောင်း ပြည့်သွားပါပြီရှင်။ တတိယအကြိမ်အဖြစ် ရမည်းသင်းရယ်၊ စတုတ္ထအကြိမ်အဖြစ် တာချီလိတ်ဘက်ကို သွားရောက် ကူညီမျှဝေပေးဖြစ်ပါမယ်ရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

ယခင် စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မိသားစုတချို့ ဆုံးရှုံးခဲ့ရတာလည်း ရှိခဲ့ပါတယ်။ သူမကတော့ အစားအသောက်၊ အဝတ်အထည်၊ စောင်၊ အသက်ကယ်အင်္ကျီ၊ စက်လှေ စတာတွေအပြင် လာရောက်လှူဒါန်းကြတဲ့ ငွေတွေနဲ့ တောင်ငူ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ကလော၊ ကယားပြည်နယ်နဲ့ အင်းလေး၊ ဟိုပုန်းမြို့ နယ်ရှိ မဲနယ်တောင်ဒေသ စတာတွေမှာလည်း ရေဘေးသင့်အိမ်ထောင်စုတွေကို ကူ ညီမျှဝေပေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

“မြန်မာလူမျိုးဖြစ်ရတဲ့အတွက် အရမ်းဂုဏ်ယူ ပီတိဖြစ်ရပါတယ်..။ ရေဘေးအတွက် လာလှူတဲ့ သူတွေထဲမှာ တတ်နိုင်တဲ့ဘက်က လှူတာတွေ၊ တချို့က အလှူခံလာတဲ့ အတိုင်းလေးတွေ တွေ့ရတဲ့အတွက် ပီတိ ကုသိုလ်လေးတွေ ခံစားရပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ဘုန်းကြီးကျောင်း၊ Bar၊ စာသင်ကျောင်းတွေမှာ ကိုယ်တိုင် လက်ခံသွားယူပေးဖြစ်ပါတယ်။ အားလုံးက စိတ်တွေနှစ်ပြီး ကူပေးလှူပေးနေတဲ့အတွက် ကျွန်မလည်း တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကြိုးစားပြီး ပြန်လှူပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ကတော့ ရင်ထဲက အသိစိတ်နဲ့ ကိုယ်စီ နိုင်ရာ ကူကြတာမို့ ပရဟိတ အဖြူသက်သက် စိတ်တွေပဲ ရှိကြပါတယ်။ ဘယ်သူအရောင်ဆိုးဆိုး ကျွန်မ စိတ်မဆိုးဘဲ မေတ္တာနဲ့သာ ရှိနေပါတယ်ရှင့်”လို့ သူမက ဆက်ပြောပါတယ်။

သူမဟာ လက်ရှိ ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သေချာစီမံပြီးတော့ ထိထိရောက်ရောက်လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ လာမယ့်ရက်ပိုင်းမှာတော့ တတိယအကြိမ်အနေနဲ့ ရမည်းသင်းနဲ့ စတုတ္ထအကြိမ်အနေနဲ့ တာချီလိတ်တို့ကို ဆက်လက်သွားရောက် ကူညီမျှဝေမယ်လို့ ဆိုပါတယ်။

ခိုင်နှင်းဝေ #ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ

#KhineHninWai #MyanmarCele #CeleDonation #MyanmarActress

Leave a Reply

Your email address will not be published. Required fields are marked *