October 5, 2024

၅.၁ဝ.၂၀၂၄
Written by K Pyay Thein

လားရှိုးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် MNDAA တရုတ်ကိုးကန့်အဖွဲ့က တပ်ဆင်ထားတဲ့ ဂြိုဟ်တုအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ ‌ဒေသခံတွေထံကနေ သိရပါတယ်။

MNDAA တရုတ်ကိုးကန့်တပ်တွေဟာ သူတို့တိုက်ခိုက်ထိန်းချုပ်ထားရာ လားရှိုးမြို့မှာ ဂြိုဟ်တုနဲ့ချိတ်ဆက်အသုံးပြုရတဲ့ Star Link Wifi အင်တာနက်လိုင်းတွေကို တပ်ဆင်ထားခဲ့ပြီး ရပ်ကွက်အလိုက်အချိန်သတ်မှတ်ကာ Wifi လိုင်းတွေကို ထုတ်လွှင့်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်‌မှာ တရုတ်ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပြီးနောက်မှာ နစကဘက်ကနေ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏဆိုသလို ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့က ၁၂ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုအပြီး MNDAA က လားရှိုးမြို့မှာ သူတို့တပ်ဆင်ထားတဲ့ Star Link Wifi ဂြိုဟ်တုအင်တာနက်လိုင်းတွေကို အသုံးပြုပြီး တပ်မတော်ကို သူတို့တည်နေရာသတင်းပေးပို့နေကြတာကြောင့် ဗုံးကြဲခံရတယ်ဆိုတာ အင်တာနက်လိုင်းတွေ ပြန်လည်ဖြတ်တောက်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အင်တာနက်ကွန်ရက်တွေကိုအသုံးပြုပြီး စစ်တပ်ကိုသတင်းပေးတယ်ဆိုပြီး MNDAA အဖွဲ့က အရင်က သူတို့တပ်ပြီး Wifi ပေးထားတဲ့ အင်တာနက်လိုင်းတွေကို ပိတ်လိုက်တာပါ”လို့ အမည်မဖော်လိုသူ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ နစက အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ MPT နဲ့ SAC က ထုတ်ဝေထားတဲ့ မိုင်တဲဖုန်းကတ်တွေကတော့ လားရှိုးမြို့မှာ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ ဒီကနေ့ နံနက်အထိ အသုံးပြုလို့ရနေသေးတယ်လို့ လားရှိုးဒေသခံတစ်ဦးက ဆက်ပြီးပြောပြခဲ့ပါတယ်။

“MPT နဲ့ မိုင်တဲက ဒီ‌နေ့မနက်အထိ သုံးလို့ရနေပါသေးတယ်”လို့ လားရှိုးဒေသခံတစ်ဦးက MT News ကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် လားရှိုးမြို့ဟာ ဒီလိုအကြမ်းဖက်ပြီး နယ်မြေလုနေတဲ့ MNDAA အဖွဲ့အစည်းလို နေရာမျိုးမှာ ဆက်နေရင် ပြည်သူတွေထိခိုက်နိုင်ခြေရှိလို့ ရှောင်ရှားဖို့လည်း သတိပေးခံထားရတဲ့ နယ်မြေဖြစ်တာကြောင့် ပြည်သူအများစုတိမ်းရှောင်သွားတဲ့ စစ်မက်ဖြစ်ပွားရာနယ်မြေ‌ဒေသတစ်ခုဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ အထိ စစ်မက်ဖြစ်ပွားရာ လားရှိုးမြို့မှာရှိနေကြတဲ့ ဒေသခံပြည်သူ‌တွေအနေနဲ့ စစ်ဘးလွတ်ရာ ရှောင်ရှားကြဖို့ကိုလည်း အသိပေးနှိုးဆော်တိုက်တွန်းမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Photo – CJ

#လားရှိုး #MNDAA #‌လေကြောင်းတိုက်ခိုက်မှု #ဗုံးကြဲ #အင်တာနက်လိုင်း #Wifi #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *