October 5, 2024

၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်တိုင်ဝမ်သို့ အောက်တိုဘာလ ၃ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်း ခရာတွန်အတွင်း တိုင်ပေမြို့တွင် ပျောက်ဆုံးနေသူ နှစ်ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိရရာ တိုင်ဖွန်းကြောင့် တိုင်ဝမ်ကျွန်းတွင် သေဆုံးရသူစုစုပေါင်း လေးဦးရှိခဲ့ကြောင်း အောက်တိုဘာ ၅ ရက် နံနက်တွင် ထုတ်ပြန်ကြေညာချက်များက ဖော်ပြခဲ့သည်။

တိုင်ဖွန်းခရာတွန် ကုန်းတွင်းဝင်ရောက်မှုဒဏ်ကို တရုတ်တိုင်ဝမ်တောင်ပိုင်းရှိ ပင်လယ်ဆိပ်ကမ်းမြို့ Kaohsiung က အဆိုးဝါးဆုံးခံခဲ့ရသည်။ တိုင်ဖွန်း ခရာတွန်က မူလခန့်မှန်းထားသည်လောက် အင်အားမပြင်းထန်သော်လည်း လေတိုက်နှုန်း တစ်နာရီလျွှင် ၈၅ မိုင်နှုန်းအထိရှိကာ တိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးတွင် အောက်တိုဘာ ၅ ရက်အထိ အိမ်ခြေ ၂၀,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

တိုင်ဖွန်းကြောင့် မြေပြိုမှုများ၊ ရေကြီးမှုများနှင့် စံချိန်တင်ရလောက်အောင်ပြင်းထန်သည့် လေပြင်းတိုက်ခတ်မှုများလည်းဖြစ်ခဲ့ရပြီး အောက်တိုဘာလ ၄ ရက်တွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့သည်။ ၎င်းကြောင့် စုစုပေါင်း လူ ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ရကြောင်းလည်း အာဏာပိုင်များက ပြောခဲ့ကြသည်။

တိုင်ဖွန်း ခရာတွန် ကုန်းတွင်းဝင်ရောက်သည့် Kaohsiung မြို့နှင့် အနီးရှိ Pingtung မြို့တို့တွင် စစ်သား ၁,၅၀၀ ကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ချထားကြောင်း တရုတ်တိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

တိုင်ဝမ်ကျွန်းအနေဖြင့် ဇူလိုင်လမှ အောက်တိုဘာလအထိ အပူပိုင်းဒေသမုန်တိုင်းများမကြာခဏဖြတ်သန်းတိုက်ခတ်တတ်ပြီး ဇူလိုင်လအတွင်းကလည်း ရှစ်နှစ်တာကာလအတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်သည့် တိုင်ဖွန်း ဂေမီက အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်သွားခဲ့သေးသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *