October 5, 2024

၅.၁၀.၂၀၂၄
Written By Thandar

ကျောင်းသားဇာတ်လမ်းပုံစံ “ပျိုးဥယျာဉ်” ဇာတ်လမ်းတွဲကို ကန်တော့ပွဲပေးတာနဲ့ မီဒီယာမိတ်ဆက်ပွဲကို ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်ရှိ အောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“အငြိမ်းစား ကျောင်းဆရာကြီးနေရာက သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်ရဲ့ အမျိုးသမီးကတော့ မဆင့်ပေါ့နော်။ အငြိမ်းစား ကျောင်းဆရာကြီးဆိုပေမယ့် ခံစားချက်တွေလည်း ပါပါတယ်။ ကင်ဆာဝေဒနာတွေ ရှိပေမယ့် ကိုယ့်တပည့်တွေကို ဘော်ဒါဆောင်ထားပြီး တခြားဇာတ်လမ်း ဇာတ်အိမ်ကောင်းလေး ဖြစ်မှာပါ။ ပရိသတ်တွေအနေနဲ့ ဇာတ်လေး တစ်မျိုးတစ်ဖုံမြင်ရမှာပါ” လို့ အကယ်ဒမီ ရန်အောင်က ပြောပါတယ်။

ပျိုးဥယျာဥ်ကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်က ရေးသားပြီး ဒါရိုက်တာ နေသူရိန်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီရန်အောင်၊ မင်းဘုန်းမြတ်၊ တေဇလင်းရောင်၊ မင်းတော်ဝင်၊ မျိုးကိုကျော်၊ အကယ်ဒမီမေသန်းနု၊ ဆောင်းဝတ်ရည်မေ၊ သံသာညီ၊ ခြူးစစ်ဟန်၊ ရဲရင့်စည်သူ၊ အောင်လွင်မိုး၊ မင်းဒီပါကျော်၊ သားညီ၊ သွက်လက်၊ ယွန်းဝင့်လွှာအောင်၊ ခြူးခြူးဟန်နီ၊ သူဇာပွင့်၊ ပြည့်ပြည့်ဘုန်းမြတ်၊ တာတာတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

“ပျိုးဥယျာဉ်က ဇာတ်လမ်းဖတ်ကြည့်လိုက်တဲ့အခါမှာ ဆရာနဲ့ တပည့်တွေကြားမှာရှိတဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ၊ တစ်ခါတလေ ဆရာဆိုတာက တပည့်တွေ ဆိုးတာတွေကို ချစ်နေတာပေါ့။ ရိုက်တာက ရိုက်တာတစ်ပိုင်းပေါ့။ ဇာတ်လမ်းလေးကလည်း ချစ်စရာကောင်းပါတယ်။ ပုံမှန် အိမ်ထောင်ရေးတွေ မိသားစုအရေးတွေ ချစ်ခြင်းမေတ္တာတွေထက် နောက်တစ်မျိုးကွဲထွက်တဲ့ဇာတ်လမ်းလေးမို့ ပရိသတ်လည်း အကြိုက်တွေ့မယ်ထင်ပါတယ်”လို့ သရုပ်ဆောင် မင်းတော်ဝင်က ပြောပါတယ်။

အပိုင်း ၂၀ ပါဝင်မယ့် “ပျိုးဥယျာဉ်” ဇာတ်လမ်းတွဲကို Bo Bo film production က စီစဉ်ပြီး လာမယ့် အောက်တိုဘာ ၈ ရက်မှာ စတင်ရိုက်ကူးကာ မဟာရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။

ရန်အောင် #မေသန်းနု

#မင်းတော်ဝင် #မျိုးကိုကျော်

#YanAung #MayThanNu

#MinTawWin #MyoKoKyaw

#ပျိုးဥယျာဉ်ဇာတ်လမ်းတွဲ

Leave a Reply

Your email address will not be published. Required fields are marked *