October 5, 2024

၅.၁၀.၂၀၂၄
Written by Zun

ဂိမ်းထဲတွင် “ဆဲ”သည်ဟုဆိုကာ ဒူးထောက်တောင်းပန်ခိုင်းသည့်အပြင် မျက်နှာတည့်တည့်ကိုပါ ဖြတ်ရိုက်လိုက်သော ကျောင်းသား ယခုစာသင်နှစ်ရပ်နားလိုက်ပြီး စာမေးပွဲဖြေခွင့်မရသည့်အပြင် လာမည့်နှစ်တွင် ကျောင်းပြောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်ရက်ပိုင်းက Mobile Legend ဂိမ်းဆော့သည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျိုက်ပေါအုပ်စု၊ မဇင်းရပ်ကွက်ရှိ ချမ်းသာကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနေ ကိုရင်ပဏ္ဍိတအား ပဲခူးအထက(၇) ကျောင်းမှ (၉)တန်းကျောင်းသား ညီညီမင်းထက်က ဂိမ်းထဲတွင် ဆဲဆိုခဲ့ရာမှ စတင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆဲဆိုခဲ့သောကြောင့် ကိုရင်ပဏ္ဍိတက ယင်းနှင့် Mobile legend ဂိမ်းအတူဆော့သည့် အထက(၇) မှ (၉) တန်းကျောင်းသားများဖြစ်သော ဆန်းမိုး၊ ဘုန်းမြတ်ပိုင်၊ ကောင်းခန့်ကျော်၊ မျိုးထက်ကျော်၊ (၈)တန်း ကျောင်းသားများဖြစ်သော အောင်ချမ်းမွန်၊ ကျော်စည်သူဟိန်း၊ လင်းခန့်ပိုင်တို့အား ဂိမ်းထဲတွင်ဆဲဆိုသွားသူ ညီညီမင်းထက်အား ခေါ်ဆိုခိုင်းခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ဆန်းမိုးနှင့် ကျောင်းသား(၅)ဦးက ညီညီမင်းထက်အား ၎င်းနေအိမ်မှ ချမ်းသာကြီးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ခေါ်ဆောင်လာခဲ့ပြီး ကိုရင်ရှေ့တွင် ညီညီမင်းထက်အား ဒူးထောက်ခိုင်းကာ ဆန်းမိုးက “ဘာလို့ဆဲတာလဲ၊ ကိုရင်ကိုပြန်တောင်းပန်” ဟု ပြောဆိုသောကြောင့် ညီညီမင်းထက်က လက်အုပ်ချီတောင်းပန်ခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နေသော ရုပ်သံဖိုင်တွင် တောင်းပန်နေသည့် ညီညီမင်းထက်အား ဆန်းမိုးက မျက်နှာကို ဖြတ်ရိုက်ခဲ့သောကြောင့် ညီညီမင်းထက်မှာ ဒူးထောက်ထိုင်နေရာမှ ယိုင်နဲ့သွားသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် အထက(၇)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ဆန်းမိုးအား ယခုနှစ်စာမေးပွဲဖြေဆိုခွင့်၊ ကျောင်းတက်ခွင့်တို့ကို ရပ်ဆိုင်းလိုက်ကြောင်း၊ လာမည့်နှစ်တွင်လည်း အခြားကျောင်းသို့ ပြောင်းရွှေ့တက်ရောက်စေရန် အပြစ်ပေးအရေးယူခဲ့ကြောင်း ပဲခူးမြို့ အုပ်ချုပ်ရေးအဖွဲ့၏ ဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

“ဒါမျိုးကို နောက်ထပ်ပုံစံတူမျိုး ထပ်မဖြစ်ရအောင် နမူနာအနေနဲ့ သေသေချာချာ လုပ်ဖို့လိုပါတယ်။ ဒီဖြစ်စဉ်မှာ မျက်နှာကို ရိုက်တဲ့ ကျောင်းသား ဆန်းမိုးကို အရေးယူသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကိုရင်ကိုလည်း သာသနာဥပဒေစည်းမျဉ်းတွေနဲ့ အရေးယူဖို့လိုတယ်။ ဘာကြောင့် ဂိမ်းဆော့တာလဲ၊ ဂိမ်းဆော့တာကို ကျောင်းထိုင်ဆရာတော်တွေ မသိဘူးလား။ သိလျက်နဲ့ ခွင့်ပြုထားတာလား။ ဒါတွေကမေးစရာ ဖြစ်လာတယ်။ တောင်းပန်တဲ့ ကျောင်းသားကတော့ တာဝန်ကျေပါတယ်”ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးအား အဆိုပါအကြောင်းအရာပေါ် MT News က မေးမြန်းစဉ် ပြောပြသည်။

စာသင်နှစ်တစ်နှစ်ရပ်နား အရေးယူခံရသူမှာ ပဲခူး အ.ထ.က(၇)မှ အဘ ဦးအောင်မိုး၊ အမိ ဒေါ်သန်းမွန်တို့၏သား မောင်ဆန်းမိုးဖြစ်ပြီး ပဲခူးမြို့ မွန်ပိုင်း၊ ကြေးနီ ကန်ရပ်ကွက်တွင် နေထိုင်ကြကာ ငွေကြေးတောင့်တင်းသည့် မိသားစုဖြစ်ကြောင်း၊ အရိုက်ခံရသည့် ကျောင်း သားမှာ ရွာဘက်မှ ချို့တဲ့သည့်ကလေးဖြစ်ကြောင်း၊ လတ်တလောတွင် လူမှုကွန်ရက် အသုံးပြုသူအများစုက အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်၍ တောင်းပန်ခဲ့သည့် ညီညီမင်းထက်ဘက်က ရပ်တည်နေကြသည်ကိုတွေ့ရပြီး ရိုက်ခဲ့သည့် ဆန်းမိုး အနေဖြင့် အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုနေကြကာ ကိုရင်အနေဖြင့်လည်း အရေးယူခံရသင့်ကြောင်း ထောက်ပြပြောဆိုနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *