October 4, 2024

၄.၁၀.၂၀၂၄
Written By Zun

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ည ဆယ်နာရီကျော်အချိန်ကစ၍ သောင်ရင်းမြစ်ရေ စတင်ဝင်ရောက်နေပြန်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မြို့၏ မြေနိမ့်ပိုင်းရှိရပ်ကွက်များဖြစ်သော အမှတ်(၁) ရပ်ကွက်ရှိ ခွန်ဆာကွင်း၊ အမှတ်(၂)ရပ်ကွက်ရှိ သဲပုံဂိတ်၊ အမှတ်(၅)ရပ်ကွက်ရှိ သရက်ပင်ဂိတ်နှင့် ကျောက်ဖျာဂိတ်အတွင်းထိ ရေဝင်ရောက်လာနေသောကြောင့် ညည့်နက်သန်းခေါင်အချိန်တွင် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက်ဓမ္မာရုံတစ်ခုတို့တွင် ရေ ဘေးရှောင်လာသူများအတွက် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

“မိုးမရွာဘူး။ ရေကတက်လာပြန်ပြီ။ နောက်တစ်ကြိမ်။အခု မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေတဲ့သူတွေကို ဂရုတ စိုက်နေထိုင်ကြဖို့လည်း နှိုးဆော်ပေးနေပါတယ်”ဟု မြဝတီမြို့ခံတစ်ဦးက MT News ကို ပြောသည်။

နောက်ထပ် ၁၂ နာရီအတွင်း သောင်ရင်းမြစ်ရေ ထပ်တက်လာနိုင်ဖွယ်ရှိသည့်အပြင် နောက်တစ်ရက်အတွင်း (၃) ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ယင်းကြောင့် အနိမ့်ပိုင်းတွင် နေထိုင်ကြသူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒဦးစီး ဌာနက ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ထုတ်ပြန်ထားပြီး ဖြစ်သည်။

အလားတူ မဲဆောက်ခရိုင်၊ ထဆိုင်လွတ်မြို့နယ်ခွဲ၊ အမှတ် (၁) ထိုင်း-မြန်မာချစ်ကြည်ရေး တံတားထိပ်အနီး တွင်လည်း သောင်ရင်းမြစ်ရေ အခြေအနေကို အထူးစောင့်ကြည့်နေကြကြောင်းနှင့် ကမ်းနဖူးဈေးတဝိုက်တွင် နေထိုင်သော အများပြည်သူတို့ ဘေးကင်းရာတိမ်းရှောင်နိုင်ရန် ထဆိုင်လွတ်မြူနီစပယ်ရုံးက ကူညီပေးနေ ကြောင်းလည်း သိရသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက လူသေဆုံးမှုများဖြစ်ခဲ့သည့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သလို စက်တင်ဘာလ ၁၀ ရက်ကလည်း သောင်ရင်းမြစ်ရေ မြင့်တက်လာပြီးနောက် နေအိမ်ခေါင်မိုးထိ ရေမြုပ်ခဲ့သည့် အဆိုးရွားဆုံးရေကြီးရေလျှံမှုလည်း ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *