October 4, 2024

၄.၁၀. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံအခြေစိုက် Insider Monkey အဖွဲ့က မကြာသေးမီတွင် ထုတ်ပြန်ခဲ့သော အာရှတိုက်အတွင်း ရှိနိုင်ငံများအနက် မိန်းမလှအများဆုံး ရှိနေသောနိုင်ငံပေါင်း ၂၀ စာရင်း၌ မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါအဆင့်သတ်မှတ်ချက်များသည် အလှအပဆိုင်ရာ ရှုမြင်မှုများအပေါ် ယဉ်ကျေးမှုလွှမ်းမိုးမှု၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သလို ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်နှင့် ယဉ်ကျေးမှုစံနှုန်းများကို ထည့်သွင်းစဉ်းစားကာ အာရှတဝှမ်းရှိ အလှတရားများကို နှိုင်းယှဉ်ကြည့်ရှုကာ အဆင့်သတ်မှတ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Insider Monkey အဖွဲ့ကဖော်ပြခဲ့သော အာရှတိုက်အတွင်း မိန်းမလှအများဆုံး ရှိနေသောနိုင်ငံပေါင်း ၂၀ စာရင်းတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့က ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

ထို့အတူ အာရှတိုက်အတွင်း မိန်းမလှအများဆုံး ရှိနေသောနိုင်ငံပေါင်း ၂၀ စာရင်းတွင် အာဆီယံ နိုင်ငံများအနက် နိုင်ငံပေါင်း ၈ နိုင်ငံပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာရှတိုက်အတွင်း မိန်းမလှအများဆုံး ရှိနေသောနိုင်ငံပေါင်း ၂၀ စာရင်းတွင် ရမှတ် ၀ ဒသမ ၁ မှတ်ဖြင့် အဆင့် ၁၉ နေရာတွင် ရပ်တည်နေသလို အာဆီယံနိုင်ငံများထဲတွင် အဆင့် ၇ နေရာရပ်တည်နေသည်။

အာရှတိုက်အတွင်း မိန်းမလှ အများဆုံးရှိနေသောနိုင်ငံပေါင်း ၂၀ စာရင်းတွင် အာဆီယံဒေသအတွင်း နိုင်ငံများအနက် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာနှင့် လာအိုနိုင်ငံတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် သီရိလင်္ကာ၊ အီရန်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ ကာဇက်စတန်၊ တရုတ်၊ဟောင်ကောင်၊ ဘူတန်၊ မက္ကာအို နိုင်ငံများလည်း အာရှတိုက်၏မိန်းမလှအများဆုံး ရှိနေသောနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

အာရှတိုက်တွင် နိုင်ငံပေါင်း ၄၈ နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟောင်ကောင်၊ တိုင်ဝမ်နှင့် မက္ကာအိုတို့ ရှိနေပြီး ယခုစာရင်းတွင်မူ အဆိုပါ ဒေသသုံးခုစလုံးပါဝင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *