October 4, 2024

၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းအစိုးရရဲ့ ထီရုံးချုပ်ကြီး(GLO) က ထီလက်မှတ်တွေပိုမိုဈေးကြီးနေရမှုနဲ့ မှောင်ခိုဈေးကွက်လက်မှတ်တွေရှိလာရမှု စတဲ့ ပြဿနာနှစ်ရပ်စလုံးကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် သုံးလုံးထီလက်မှတ်တွေကို အခု အောက်တိုဘာလကစလို့ ထုတ်ဝေရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ ထိုင်းနိုင်ငံ ထီဘုတ်အဖွဲ့ဝင် Thanavath Phonvichai က အောက်တိုဘာ ၂ ရက်မှာပြောခဲ့ပါတယ်။

ဒီလို သုံးလုံးထီရောင်းချရတာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းပြည်သူတွေအနေနဲ့ ထီလက်မှတ် တစ်စောင်ကို ဘတ် ၈၀ ထက် ပိုမပေးရဘဲ ဝယ်ယူနိုင်စေဖို့ဖြစ်တယ်လို့ Thanavath က ဆိုပါတယ်။

ထီရုံးကြီးအနေနဲ့ ထီလက်မှတ်တွေကို ဖြန့်ချိရောင်းချတဲ့ အင်အားကောင်းပြီး ဩဇာလွှမ်းမိုးမှုရှိတဲ့အုပ်စုကြီးတွေရဲ့ ထီလက်မှတ်ဈေးပိုမိုမြင့်မားဖို့ ထိန်းချုပ်ဆောင်ရွက်တာတွေကို ရပ်တန့်ဖို့ကြိုးစားလာတာ ဆယ်စုနှစ်နဲ့ချီလာပါပြီ။

ပထမအဆင့်အနေနဲ့ကတော့ ဥပဒေအတိုင်း အကျိုးသက်ရောက်နိုင်ဖို့နဲ့ ဒုတိယအဆင့်အနေနဲ့ ကြိုတင် ဝယ်ယူမှုစနစ်နဲ့ ထီလက်မှတ်တွေဖြန့်ချိဖို့ ကြိုးစားခဲ့တာမှာ နိုင်ငံတစ်ဝန်းဖြန့်ချိသူတွေထံ လက်မှတ်တွေ ပိုလို့ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အခု တတိယအဆင့်အနေနဲ့ ဂဏန်းခြောက်လုံးပါတဲ့ အစိုးရထီလက်မှတ်တွေကို Pao Tang Application ကနေ တစ်စောင်ကို ဘတ် ၈၀ ထက်မပိုဘဲဖြန့်ချိမယ်လို့လည်း သိရပါတယ်။

သုံးလုံးထီတွေကတော ထီလက်မှတ်ဈေးကြီးမှုကိုထိန်းချုပ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တချို့ လက်မှတ်ဝယ်ယူသူတွေဟာသူတို့လိုချင်တဲ့ နံပါတ်တွေကို လွယ်လွယ်နဲ့ မရကြပါဘူး။ဒီနံပါတ်တွေရဖို့ မှောင်ခိုဈေးကွက်ကနေ ဈေးကြီးပေးကြရပါတယ်။

GLO ရဲ့ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး Noon Sansanakom ကတော့ သုံးလုံးထီလက်မှတ်ကို ဘတ် ၂၀ နဲ့ပဲ ရောင်းသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဝယ်သူတွေအနေနဲ့ကတော့ ၀၀၀ နဲ့ ၉၉၉ ကြား ကြိုက်ရာနံပါတ်ကို ကံစမ်းနိုင်ကြမှာပါ။ လက်မှတ်တိုင်းကလည်း ဂဏန်းသုံးလုံး တိုက်ရိုက်၊ ဂဏန်းသုံးလုံးတစ်ခုခြား၊ ဂဏန်း ၂ လုံးတိုက်ရိုက်နဲ့ အထူးဆုဆိုပြီး ဆုလေးမျိုးကိုရ ရှိနိုင်ကြမယ်လို့ဆိုပါတယ်။

GLO က သုံးလုံးထီလက်မှတ်တွေကို အောက်တိုဘာလ ၁၇ ရက်ကစပြီး နိုဝင်ဘာလ ၁ ရက် ထီဖွင့်ပွဲအတွက်ရောင်းချသွားမှာပါ။ သုံးလုံးထီစီမံချက်ကို ခြောက်လကြာစမ်းသပ်ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

သုံးလုံးထီလက်မှတ်တွေကိုတော့ Pao Tang Application ကနေ ဝယ်ယူနိုင်မှာမဟုတ်ဘဲ နိုင်ငံတစ်ဝန်း ဆိုင် ၄၀၀ ကနေ ရောင်းသွားမယ်ဆိုပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလမှာတော့ သုံးလုံးထီတွေရဲ့ အရောင်းရဇယား၊ ပုံမှန်ခြောက်လုံးထီရောင်းချမှုအပေါ် သက်ရောက်မှုတို့ကို ပြန်လည်စုဆောင်းပြီး သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *