October 4, 2024

၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် နှစ်ရက်အတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၁ သန်းကျော်၊ တရုတ်ယွမ် ၂ သန်းခွဲခန့်နှင့် ဒေါ်လာ ၈ သိန်းခန့် ထပ်မံထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် ထိုင်းဘတ် ၁၀ ဒသမ ၂၃၀ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂၄၇ သန်း၊ အောက်တိုဘာ ၃ ရက်တွင် ထိုင်းဘတ် ၁ ဒသမ ၀၈၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂၂၄ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုထပ်မံရောင်းချခဲ့သည့် ထိုင်းဘတ် ၁၁ သန်းကျော်နှင့် တရုတ်ယွမ် ၂ သန်းခွဲခန့် အပါအဝင် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ နှစ်လကျော်အတွင်း ထိုင်းဘတ်သန်း ၃၃၀ ကျော်နှင့် တရုတ်ယွမ် ၃၂ သန်းဝန်ကျင်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

အလားတူ အောက်တိုဘာ ၃ ရက် (ယမန်နေ့)တွင် ဗဟိုဘဏ်မှ ဒေါ်လာ ၇၈၈,၆၈၁ (၈ သိန်းခန့်) ထပ်မံထုတ်ရောင်းပေးခဲ့သဖြင့် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ နှစ်လအတွင်း ဒေါ်လာသန်း ၃၀၀ ကျော်အထိ ရောင်းချပေးထားပြီးဖြစ်သည်။

အောက်တိုဘာ ၃ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် ဗဟိုဘဏ်၏ Online Trading Platform တွင် တရုတ်ယွမ် တစ်ယွမ်လျှင် ၄၉၈ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၇ ကျပ်ရှိပြီး ယနေ့တွင် ပြင်ပဈေးကွက်၌ တရုတ်ယွမ် တစ်ယွမ်လျှင် ၆၆၀ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်လျှင် ၁၃၉ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *