October 4, 2024

◾ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး၏ မိဘများ ဖြစ်ကာ သီအိုရီဟိုတယ်တွင် တည်းခိုနေစဉ်ဖြစ်ပွားခဲ့ဟုဆို

၄.၁၀.၂၀၂၄
Written by Zun

ကြို့ပင်ကောက်မှ ရန်ကုန်သို့ ဆေးလာကုသည့် ခင်ပွန်းက ပြုစုရန်လိုက်လာသည့် ဇနီးသည်အား ခုံဖြင့်ရိုက်၍ အသေသတ်ပစ်လိုက်သည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက် ည ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(ဃ)ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ်(၁)A ရှိ သီအိုရီဟိုတယ်၌ တည်းခိုနေစဉ် အထက်ပါအတိုင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။

ခင်ပွန်းဖြစ်သူ ဝေယံမင်းက ဇနီးဖြစ်သူ မသီရိဇော် အား နှစ်ပေပတ်လည်သစ်သားခုံဖြင့် မသေမချင်းရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားကြောင်းလည်း သိရသည်။

လက်ရှိတွင် မြောက်ဥက္ကလာမြို့မရဲစခန်းက  (ပ)၄၄၈/၂၀၂၄ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ယနေ့တွင် အမှုဖွင့်၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း ယင်းကပြောသည်။

“သူတို့လင်မယားက ရန်ကုန်ကိုလာတာ။ ဟိုတယ်မှာ မနေ့က မနက်မှာမှ တည်းဖို့ရောက်တယ်။ ပြီးတော့ ဟိုတယ်ရဲ့ ဒုတိယထပ် အခန်း(၂၀၃) မှာ တည်းတာလို့ သိရတယ်။အခုကတော့ စစ်ဆေးနေပါတယ်။ ကလေးလည်း ရှိပါတယ်။ သူ့ဆွေမျိုးတွေကို အကြောင်းကြားထားတာပေါ့။ အသေးစိတ်က စစ်နေတုန်းပါ”ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

သက်ဆိုင်ရာက စစ်ဆေးရာ မသီရိဇော်၏ ဦးခေါင်းနှင့်မျက်နှာတို့တွင် ကြေမွဒဏ်ရာများရရှိထားကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးတွင် ထားရှိပြီး ဆက်လက် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *