October 4, 2024

၄.၁၀.၂၀၂၄
Written by K Pyay Thein

စစ်တောင်းမြစ်ရေတိုးလာလို့ တောင်ငူဒေသခံ လူဦးရေ ၆၀ဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း‌ပေးထားရတယ်လို့ ဒေသခံလူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။

တောင်ငူမြို့က လူ‌နေရပ်ကွက်အချို့မှာ ယမန်နေ့ အောက်တိုဘာ ၃ ရက်ကစတင်လို့ စစ်တောင်းမြစ်ရေ ပြန်တိုးလာတဲ့အတွက် ရပ်ကွက်ကြီး(၈၊ ၉၊ ၁၀)မှာ‌ နေထိုင်ကြတဲ့သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတာဖြစ်ပါတယ်။

“တောင်ငူ စစ်တောင်းမြစ်ရေပြန်တက်လာပြီလို့ သိရလို့ ကျွန်တော်တို့အဖွဲ့တွေအားလုံး အသင့်ပြင်ထားပါတယ်။ မနေ့ကညမှာ လူဦးရေ ၆၀ဝ ကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါတယ်”လို့ လူမှုကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တစ်ကျော့ပြန်လာနိုင်တဲ့ စစ်တောင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ တောင်ငူရေဘေးအတွက် ဒေသခံလူမှုရေးအသင်းအဖွဲ့တွေ အပါအဝင် အဲ့ဒီဒေသမှာရောက်ရှိနေကြတဲ့ ရန်ကုန်အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေက ပူးပေါင်းပြီးတော့ဘကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအချိန်ထုတ်ပြန်ချက်အရ တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၆၀ဝ မှာ ဆက်လက်တည်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မြို့ပေါ်မှာတော့ အားလုံးပြင်ဆင်ထားပါတယ်။ ချာ့ချ်ကျောင်းတွေမှာရော ဘုန်းတော်ကြီးကျောင်းတွေမှာရော ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်နိုင်အတွက် အားလုံးပြင်ဆင်မှု‌‌တွေပြုလုပ်ထားပါတယ်”လို့ တောင်ငူမြို့ရေဘေးကူညီကယ်‌ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြီးပြောပြခဲ့ပါတယ်။

ပုံစာ – ကြိုတင်ပြင်ဆင်မှုနဲ့ ကယ်ဆယ်ရေးတွေကို ပြုလုပ်နေကြတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့များ(Photo – CJ)

တစ်ကျော့ပြန် #ရေဘေး #‌တောင်ငူ

ကြိုတင်ပြင်ဆင်မှု #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *