October 4, 2024

၄.၁ဝ.၂၀၂၄
Written by K Pyay Thein

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ တရုတ်ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တွေတည်ရှိရာ လားရှိုးမြို့ကို ဒီကနေ့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းမှာ လေကြောင်းကနေ ၁၂ ကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးသတင်းတွေကို ဦးစွာအမြဲ‌‌ဖော်ပြနေတဲ့လားရှိုးအခြေစိုက် FYV ကတော့ ဒီကနေ့ နံနက် ကြဲချတဲ့ ဗုံး(၄)လုံးဟာ ရပ်ကွက်(၅) ဘုံကျောင်း(၁)လုံး၊ ရပ်ကွက်(၈)ကုက္ကိုလ်ရိပ်နောက်က ဆောက်လက်စဆေးရုံမှာ(၃)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရသလို လူအသေအပျောက်‌တော့မရှိခဲ့ဘဲ တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလေကြောင်းတိုက်ခိုက်မှုဟာ လားရှိးမြို့ပေါ်က MNDAA အကြမ်းဖက်အဖွဲ့တွေ ခိုအောင်း‌နေထိုင်ရာနေရာတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီမနက်က တရုတ်ဘုံကျောင်းနဲ့ ၁၂၁ နဲ့ ရေပူဘက်တွေထိတယ်လို့ သိရပါတယ်။ အခု အချို့နေရာမှာ ဖုန်းလိုင်းတွေလည်း မရဘူး။ မနက် ၅ နာရီ ၂ဝ လောက်ထဲက စကြဲတာ လေး၊ ငါးခါလောက်ရှိမယ်ထင်ပါတယ်”လို့ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်‌မှာ တရုတ်ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ကိုအကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခဲ့တာဖြစ်ပါတယ်။ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီးနောက် အခုတစ်ကြိမ်နဲ့ဆို လားရှိုးမြို့ဟာ (၁၂)ကြိမ်မြောက်‌ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်၊ ၂၁ ရက်၊ ၂၄ ရက်၊ ၂၅ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ စက်တင်ဘာ ၃၀ မနက်နဲ့ညအပြင် အခုအောက်တိုဘာ ၄ ရက် နံနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အရင်လကစလို့ တိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအားလုံးဟာ MNDAA အကြမ်းဖက်လက်နက်ကိုင်တွေ စခန်းချနေတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေဖြစ်တဲ့ ကျောင်း၊ ထွေအုပ်ရုံး၊ အားကစားရုံနဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေဇိမ်ခံရာ ဟိုတယ်တွေဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် တိုက်ခိုက်မှုကတော့ MNDAA က လားရှိုးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ထားရေးမှာ အရေးပါတဲ့ အစားအစာကွင်းဆက်ဖြန့်ဖြူးရာ မြို့မစျေး‌နေရာတွေကိုဖြစ်ပါတယ်။

လားရှိုးမှာဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြမ်းဖက် MNDAA အဖွဲ့ ထိန်းချုပ်ထားရာနေရာတွေကို နစကဘက်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တဲ့ သဘောဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလို ဆက်ပြီး ပြောပါတယ်။

“အခု ကျွန်တော်တို့ကြားနေရတဲ့သတင်းတွေအရဆိုရင် တပ်က ရှမ်းမြောက်ကိုပြန်ပြီးတော့ အတော်လေးထိုးစစ်ဆင်ဖို့ရှိနေတယ်လို့ ကြားရတယ်။ ဒါကြောင့်လည်း လေကြောင်းတိုက်ခိုက်မှုတွေက အခု ရှမ်းမြောက်မှာ အများဆုံးဖြစ်နေတယ်။ အထူးသဖြင့် လားရှိုးက MNDAA တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ အများဆုံးဖြစ်တယ်။ MNDAA ထိန်းချုပ်ထားတဲ့ ရမခ(လားရှိုး)ကိုလည်း တပ်ကနေ ပြန်သိမ်းနိုင်ဖို့ တိုက်ယူသွားမယ့်သဘောလည်း တွေ့နေရတယ်။ ရှမ်း‌မြောက်က လားရှိုးကို တပ်ကပြန်သိမ်းနိုင်ဖို့ကြိုးပမ်းနေတဲ့ အခြေအနေတစ်ရပ်ကိုလည်းတွေ့ရတယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကို ထပ်လောင်းပြောပြခဲ့ပါတယ်။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင်ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံးလူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်ကာ အချိန်ကာလအားဖြင့် (၃)လခန့်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုအကြမ်းဖက်ပြီး နယ်မြေလုနေတဲ့ MNDAA အဖွဲ့အစည်းလို နေရာမျိုးမှာ ဆက်နေရင် ပြည်သူတွေထိခိုက်နိုင်ခြေရှိလို့ ရှောင်ရှားဖို့လည်း သတိပေးခံထားရတဲ့ နယ်မြေဖြစ်တာကြောင့် ပြည်သူအများစုတိမ်းရှောင်သွားတဲ့စစ်ဖြစ်ပွားရာနယ်မြေလည်းဖြစ်ပါတယ်။

လားရှိုး #MNDAA #PDF

၁၀၂၇စစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှု

ဗုံးကြဲ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *