October 4, 2024

၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ စတင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေနှင့်ပတ်သက်၍ လာအိုနိုင်ငံ၊ ဗီယင်တိန်းမြို့တွင် အောက်တိုဘာလ ၆ ရက်၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံမှ အဆင့်မြင့်သံတမန်တစ်ဦးကလည်း မြန်မာနိုင်ငံ၏ပြည်တွင်းစစ်နှင့်ပတ်သက်၍ သံတမန်ဆွေးနွေးပွဲတစ်ခုကို အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဂျာကာတာမြို့၌ ပြုလုပ်သွားမည်ဟု အောက်တိုဘာလ ၃ ရက်က ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များပါဝင်မည်ဟု သိရပြီး မြန်မာအစိုးရဆန့်ကျင်ရေးအုပ်စုများမှ အဖွဲ့ဝင်များလည်း ပါဝင်မည်ဟု အမည်မဖော်ပြသော ထိုသံတမန်က ပြောခဲ့သည်။

၎င်းက မြန်မာအစိုးရဘက်ကမူ ပါဝင်မည်ဟု မမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ၏ အကျပ်အတည်းအခြေအနေနှင့်ပတ်သက်၍ သံတမန်ဆွေးနွေးပွဲကို လာအိုနိုင်ငံတွင် အောက်တို ဘာလ ၆ ရက်မှ ၁၁ ရက်ထိပြုလုပ်မည့် အာဆီယံဆွေးနွေးပွဲများမတိုင်မီ ကျင်းပသွားမည်ဖြစ်ပြီး ဆန့်ကျင်ဘက်အုပ်စု၏ သတင်းများအရ အင်ဒိုနီးရှားဦးဆောင်သော မြန်မာ့အရေးသံတမန်ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာ ၄ ရက်နှင့် အောက်တိုဘာ ၅ ရက်တွင် ကျင်းပနေသည်ဟု ဖော်ပြကြသလို အာဆီယံခေါင်းဆောင်များ၏ဆွေးနွေးပွဲ၌လည်း မြန်မာနိုင်ငံအရေး အလေးထားဆွေးနွေးကြမည်ဟုဆိုသည်။

အာဆီယံက မြန်မာနိုင်ငံအရေး‌ဖြေရှင်းရန် သံတမန်ရေးချဉ်းကပ်မှုအချို့ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်များအနေဖြင့်လည်း အာဆီယံ၏အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ခံထားရသည်။ မြန်မာနိုင်ငံအရေးဖြေရှင်းရန် ဆွေးနွေးကြရာတွင်လည်း ယခင် အာဆီယံအစည်းအဝေးများ၌ အဖွဲ့ဝင်များအကြား သဘောထားကွဲပြားမှုများရှိခဲ့သည်။

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက မြန်မာအစိုးရ စစ်ခေါင်းဆောင်များကို တင်းမာသော ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုကြသည်။ ထိုင်းနိုင်ငံအနေဖြင့်မူ မြန်မာအစိုးရခေါင်းဆောင်များနှင့် အကျိုးတူဆွေးနွေးပွဲများပြုလုပ်နေသလို ဖမ်းဆီးခံထားရသော ခေါင်းဆောင်ဟောင်းဒေါ် အောင်ဆန်းစုကြည်နှင့်လည်း တစ်ကြိမ်တွေ့ဆုံဖူးသည်။

မြန်မာအစိုးရအနေနှင့် လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ လက်နက်ကိုင်အကြမ်းဖက်များနှင့် တိုက်ပွဲများဖြစ်နေချိန်တွင် မြန်မာနိုင်ငံအရေးဖြေရှင်းရန် ဤကဲ့သို့ သံတမန်ရေး လှုပ်ရှားမှုကိုလည်း ပြုလုပ်လာကြခြင်းဖြစ်သည်။

ကုလသမဂ္ဂစာရင်းများအရမူ သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၌ စစ်ဘေးကြောင့် မိမိတို့နေရပ်များကို စွန့်ခွာတိမ်းရှောင်နေသူ သုံးသန်းကျော်ရှိမည်ဟုဆိုသည်။

Ref-Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *