October 4, 2024

၄. ၁၀. ၂၀၂၄
Written by Nay Moe

PDF များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းများအတွင်း လက်လုပ်မိုင်းထောင်ဖောက်ခွဲခဲ့မှုတွင် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းထားသည့် ဆန်အိတ် ငါးအိတ်နှင့် ခေါက်ဆွဲခြောက်ဖာ နှစ်ဖာအနက် ဆန်အိတ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေကြသည့် အလတ်ချောင်းရပ်ကွက်နေ ဦးအေးလွင်(၅၃)နှစ်၊ ဦးထွန်းထွန်းဝင်း(၄၃)နှစ်၊ ဦးသန်းထိုက်(၅၄)နှစ်၊ ဦးသိန်း ထွန်း(၆၃)နှစ်၊ ဦးဇော်ဇော်အောင်(၃၈)နှစ်၊ ဦးတင်ဝင်း(၆၇)နှစ်၊ ဒေါ်ချောစုခိုင်(၄၉)နှစ်၊ ဒေါ်ဝင်းမာထွန်း(၄၂)နှစ်နှင့် ဒေါ်မသေး(၄၆)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ဒဏ်ရာရရှိ သူများအနက် ဦးအေးလွင်မှာ သေဆုံးသွားကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းထားသည့် ၁၂ ပြည်ပါ ဆန်အိတ် ငါးအိတ်နှင့် ခေါက်ဆွဲခြောက်ဖာ နှစ်ဖာအနက် ခေါက်ဆွဲခြောက်ဖာအတွင်းမှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေကြသည့် စက်ဆန်းရပ်ကွက်နေ ဦးအောင်မြင့်(၇၃)နှစ်၊ ဦးစိန်သန်းဌေး(၃၃)နှစ်၊ ဦးဆန်းထူး(၅၄)နှစ်၊ ဦးသန်းဆွေဦး(၅၂)နှစ်၊ ဒေါ်မိုးမိုးသန်း (၄၆)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်ဖာများအတွင်း လက် လုပ်မိုင်းထောင်ဖောက်ခွဲ၍ အပြစ်မဲ့ အရပ်သားပြည်သူများအား သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည့် အကြမ်း ဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *