October 4, 2024

၄.၁၀. ၂၀၂၄
Written by Nay Moe

ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာက မိသားစုဝင် သားအဖသုံးဦး အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ဒီနေ့ အောက်တိုဘာလ ၄ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ပလက်ဝမြို့နယ် မောင်နှမကျေးရွာနေ သားအဖသုံးဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ကုန်ပစ္စည်းတွေကို ဟွန်ဒါစက်လှေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ပို့ဆောင်ချိန် လမ်းတစ်ဝက်အရောက်မှာ အသတ်ခံရတာလို့လည်း ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Zalen မှာ ဖော်ပြထားပါတယ်။

အသတ်ခံရသူတွေက ဦးဆန်းအောင်( ၆၁ နှစ်)၊ သားဖြစ်သူ ဦးအိုက်မြင့် (၂၆ နှစ်) နဲ့ အသက် (၁၃) နှစ်သာရှိသေးတဲ့ မောင်ပီစီထွန်းတို့ဖြစ်ပြီး ဒီလို ၁၃ နှစ်သားပါမချန် မိသားစုလိုက် ရက်စက်စွာသတ်ဖြတ်ကြတာကို ယူကျုံးမရဖြစ်မိတယ်လို့လည်း IKACC က ပြောပါတယ်။

IKACC ဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လူထုလုခြုံရေးနဲ့ လူမှုဖွံဖြိုးရေးကို အစဥ်တစိုက်ဦးတည်ပြီး ဒေသခံလူထုအပေါ် ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် ကန့်သတ်တာ၊ ချုပ်ချယ်တာနဲ့ အကြမ်းဖက်တာကို ဆန့်ကျင်ကန့်ကွက်သည့်နည်းတူ အခုဖြစ်စဥ်အပေါ် လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမူရရှိရေးအတွက် ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ရေး နည်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမှာဖြစ်လို့ ဒေသတွင်းက သက်ဆိုင်ရာပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ IKACC က တိုက်တွန်းထားပါတယ်။

ပလက်ဝမြို့နယ်ကို AA က ဇန်နဝါရီလ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားသလို ရခိုင်ပြည်နယ်ကို ကုန်စည်တင်ပို့လမ်းကြောင်းဖြတ်တောက်ခံထားရတာကြောင့် အိန္ဒိယဘက်က တင်သွင်းနေရာမှာ ကုန်သည်သားအဖသုံးဦးကို လုယက်သတ်ဖြတ်လိုက်ကြတာဖြစ်ပါတယ်။ AA က ချင်းပြည်နယ် ပလက်ဝမြို့ကို တိုက်ခိုက်သိမ်းပိုက်အပြီးမှာ ကျောင်းသူပါမချန်မုဒိမ်းကျင့်တာ၊ ရိုက်နှက်နှိပ်စက်တာ၊ ညှင်းပန်းသတ်ဖြတ်တာ၊ ဆက်ကြေးကောက်တာ၊ မူးယစ်ဆေးဖြန့်တာ၊ အဓမ္မစစ်သားစုဆောင်းတာကြောင့် GKO အပါအဝင် ချင်းအဖွဲ့အစည်းတွေက AA ကို ချင်းပြည်နယ်က ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ပုံစာ။ IKACC ထုတ်ပြန်ချက်နှင့် သတ်ဖြတ်ခံရသူ မိသားစုသုံးဦး (Photo – IKACC & Zalen)

Leave a Reply

Your email address will not be published. Required fields are marked *