October 4, 2024

၄.၁၀.၂၀၂၄
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၁၁ နာရီဝန်းကျင်က အိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူမမယ် ကလေးငယ်နှစ်ဦး မီးထဲပါ သေဆုံးခဲ့တယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့နေရာက တောင်တွင်းကြီး မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ ရွှေအိုး(၂) ရပ်ကွက်၊ အပိုင်း (၃)၊ ရခိုင်ဘုရားကြီး မြောက်ဘက်လမ်းက အိမ်တစ်လုံး မီးလောင်တာကို ရပ်ကွက်က ကူညီငြှိမ်းသတ်နိုင်ခဲ့လို့ မီးညွန့်ကျိုးခဲ့‌ပေမယ့် အခါလည်အရွယ် က‌လေးငယ်တစ်ဦးနဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး မီးထဲပါသွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးမြင့်လေးက “ကျွန်တော်က တစ်ဖက်ရပ်ကွက်ကမို့ သူတို့ မိသားစုကို သေချာတော့မသိဘူး။ ရပ်ကွက်က လမ်းကကျဉ်းတော့ မီးသတ်ကား ဝင်လို့မရလို့ လမ်းချဲ့တာ‌တွေ ကူညီရင်း တွေ့ရသိရတာ။ ကလေးတွေကို အဘွားနဲ့အပ်ခဲ့ပြီး မိဘတွေက ဈေးလည်ရောင်းနေတာ။ အဘွားလုပ်သူက မီးမွှေးပြီး အပြင်တစ်ခုခု သွားဝယ်နေတုန်း နောက်မှာ ဖြစ်တာ။ ဖြစ်တာတောင် သိပုံမရလို့ ဘေးအိမ်တွေက ဖုန်းဆက်စမ်းဆိုပြီး ပြောနေတာတွေ ကြားခဲ့ရတယ်၊ အငယ်လေးက လုံးဝမီးကျွမ်းသွားတာ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

လောင်တဲ့ အိမ်ရဲ့ ဘေးမှာက မြေကွက်လပ် အလွတ်တစ်ခု ရှိနေလို့သာ ဘေးအိမ်တွေဆီ မီးမကူးတာလို့ သိရပြီး မိုးရာသီ ဖြစ်နေတဲ့အတွက် စိုစွတ်နေတာကြောင့်လည်း အခုလို လျှင်လျှင်မြန်မြန် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကာ ရပ်ကွက်အတွင်း လမ်းတွေကို မီးသတ်ကား ဝင်မရတဲ့အတွက် ရပ်ကွက်အတွင်းက လူအားနဲ့ မီးသတ်ယာဉ်ကနေ ရေကိုသယ်ကာ ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *