October 4, 2024

၄.၁၀.၂၀၂၄
Written By Zun

စက်တင်ဘာ ၂ ရက်မှစတင်ကာ အကြမ်းဖက်အဖွဲ့အဖြစ် တစ်ကျော့ပြန် သတ်မှတ်ခံထားရသည့် AA လက်နက်ကိုင်အဖွဲ့ အလံထောင် ရုံးဖွင့်ကာ အခြေစိုက်နေထိုင်ရာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကင်းတောင်စံပြကျေးရွာ ယနေ့ ဗုံးကြဲခံရ၍ သေဆုံးသူများရှိနေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၂ နာရီကျော်အချိန်က AA အဖွဲ့နေထိုင်သည့်မီးသတ်ရုံးနှင့် ကင်းတောင် အထက် တန်းကျောင်းအနီး ဗုံးနှစ်ကြိမ် ကြဲချခဲ့ခြင်းလည်း ဖြစ်သည်။

“သူတို့က အလံတွေ ထောင်ပြီး ရုံးလိုလုပ်ပြီးနေနေကြတာလေ။ AA က။ ဗုံးကြဲခံရတဲ့အခါကျတော့ အဲဒီနားက အိမ်တွေလည်း ထိနိုင်တာပဲ။ ဗုံးကြဲတာလေ။ ထိနိုင်တယ်။ အိမ်တချို့ ထိတာ ဟုတ်တယ်”ဟု တောင်ကုတ်မြို့ တက္ကသိုလ်အနီး ကိုင်းရှည်ရပ်ကွက်နေသူတစ်ဦးက MT News ကို ပြောသည်။

AA ဘက်လိုက်မီဒီယာများတွင် ထိုတိုက်ခိုက်မှု၌ ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရကြောင်း ဖော်ပြထားသည်။ AA ထိန်းချုပ်ထားသော ကင်းတောင်ကျေးရွာသည် တောင်ကုတ်-မအီ ကားလမ်းဘေးတွင်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ရှိကာ တောင်ကုတ်မြို့နှင့် ၁၁ မိုင်ကျော်သာ ကွာဝေးသော ကျေးရွာ ဖြစ်သည်။

“စောစောက ဗုံးကြဲခံရတာဟုတ်တယ်။ ကင်းတောင်ရွာပေါ့။ ရွာက ရွာကြီး။ AA က အဲဒီမှာ ရွာကိုထိန်းထားတယ်။ အဲဒီလို ထိန်းနေသမျှ ဗုံးကြဲခံရမှာပဲ။ ကျွန်တော် ဥပမာပြောပြတယ်။ ရှမ်းပြည်မှာ လားရှိုးကို ကြည့်။ ရခိုင်မှာ မင်းပြား၊ မောင်တော၊ သံတွဲ၊ ရမ်းဗြဲ ကြဲတာပဲလေ။ ဒါကြောင့်ကျွန်တော်တို့ကတော့ ကိုယ့်ဆွေမျိုးတွေကို ပြောထားပါတယ်။ AA ရှိတဲ့နေရာ၊ AA ရှိတဲ့ ရပ်ကွက်၊ AA ရှိတဲ့ မြို့ တွေမှာ အတတ်နိုင်ဆုံး မနေကြဖို့ လိုတယ်လို့ပေါ့။ အကြောင်းကြောင်းကြောင့် မပြောင်းမရွှေ့နိုင်ဘူးဆိုရင်တောင် AA နေတဲ့နေရာ အနီးမှာမနေဘဲ ရှောင်ပြီးနေကြဖို့ ဆိုပြီးပြောထားပါတယ်။ ရခိုင်က တချို့ရွာတွေမှာက AA ကို ထောက်ခံပြီး AA ကိုလိုလားပြီး သူတို့ပါ ရောယောင် AA ဖြစ်နေတာတွေ ရှိပါတယ်။ AA ရောယောင် AA တွေ။ ဗဟုသုတနည်းတဲ့ သနားစရာ အရပ်သားတွေဖြစ်ပါတယ်။ သူတို့က အကျိုးဆက်ကို မသုံးသပ်ကြဘူး။ အခု ဗုံးကြဲခံရတဲ့ ကင်းတောင်ရွာဟာ ရွာတော်တော် ကြီးပါတယ်။ ကျွန်တော်တို့ တောင်ကုတ်ကတော့ မြို့ပေါ်မှာ အခုအချိန်ထိ စစ်တပ်ရှိတယ်။ အခုအချိန်ထိ အေးအေးဆေးဆေးရှိနေပါသေးတယ်”ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *