October 4, 2024

၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များ၌ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာတွင် ချင်းမိုင်မြို့ ၌ မြစ်ရေလျှံကာ ရေလွှမ်းမိုးချိန်၌ ကယ်ဆယ်ရေးသမားများက ချင်းမိုင်မြို့အနီး လူသိများသော ဘေးမဲ့တောဆင်စခန်းအတွင်းမှ ဆင်အကောင် ၁၀၀ ခန့်နှင့်ရေဘေးတွင် ပိတ်မိနေသော နိုင်ငံခြားသားခရီးသွားများကိုပါ အောက်တိုဘာလ ၃ ရက်က ရွှေ့ပြောင်းကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

ထိုကယ်ဆယ်ရေးဆောင်ရွက်မှုကို ရိုက်ကူးထားသောဗီဒီယိုအရ ချင်းမိုင်မြို့အနီးရှိ ဆင်သဘာဝဘေးမဲ့တောစခန်းတွင် ဆင်များက ၎င်းတို့၏ဝမ်းဗိုက်အထိရောက်နေသော ရေများအတွင်းမှ ဖြတ်၍ လမ်းလျှောက်ကာ ဘေးအန္တရာယ်ကင်းသော ကုန်းမြင့်တစ်ခုသို့ ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းပေးနေသည်ကို တွေ့ကြရသည်။

ဆင်သဘာဝဘေးမဲ့ တောစခန်းကို တည်ထောင်ခဲ့သူ Saengduean “Lek” Chailert က “ ဒီတစ်ခါတော့ သူတို့အသက်တွေကိုကယ်ဖို့ ကျွန်မတို့ အကြီးမားဆုံးကယ်ဆယ်ရေးလုပ်ငန်းလုပ်ခဲ့ရတာပဲ။ ရေတွေက ဆိုးဆိုးဝါးဝါးကို အမြန်ဆုံးမြင့်တက်လာခဲ့တာကိုး” ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၃ ရက်တွင်မူ စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်တွင် Saengduean က ထိုင်းအာဏာပိုင်များထံ ကယ်ဆယ်ရေးအမြန်ဆောင်ရွက်ပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက အရွယ်ရောက် ဆင်အကောင် ၁၃ ကောင်ကို မကယ်ဆယ်နိုင်ခဲ့ဘဲ ၎င်းတို့အားထားသည့်နေရာများ၌ လှောင်ပိတ်မိနေခဲ့ကြောင်း၊ ၎င်းတို့မှာလည်း ကြောက်လန်တကြားဖြစ်ပြီး ထိတ်လန့်နေကြကြကြောင်း ပြောခဲ့သေးသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်များမှာ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း တိုင်ဖွန်းရာဂီ၏ အကြွင်းအကျန် လေပွေလှိုင်းများက သယ်ဆောင်လာမှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုခြင်းနှင့်ရေလွှမ်းမိုးခြင်း သဘာဝဘေးဒဏ်များကို ခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ ချင်းမိုင်မြို့ဆိုလျှင်လည်း မြို့ကိုဖြတ်စီးသော Ping မြစ်ရေလျှံမှုနှင့်အတူ မြို့အတွင်းစိုးရိမ်ရေမှတ်များရောက်သည်အထိ ရေလွှမ်းမိုးမှုဖြစ်ခဲ့ရသည်။

ဆင်ဘေးမဲ့တောစခန်း၌ စေတနာ့ဝန်ထမ်းအနေဖြင့်ဆောင်ရွက်ပေးနေသော အမေရိကန်နိုင်ငံသား ငါးဦး အပါအဝင် နိုင်ငံခြားသား ၃၀ ဦးမှာလည်း ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေခဲ့ကြောင်း Saengduean က ပြောခဲ့သည်။ အချို့ဆိုလျှင် စခန်းတွင် လာရောက်လုပ်ကိုင်နေသည်မှာ ရက်သတ္တပတ်အတန်ကြာပြီဖြစ်ကြောင်းလည်း သိရသည်။

ချင်းမိုင်မြို့အနီးရှိ အဆိုပါ ဆင်သဘာဝဘေးမဲ့တောဥယျာဉ်က ဆင်များကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးစခန်းတစ်ခုဖြစ်ကာ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဆင်အကောင်ရေ ၂၀၀ ကျော်ကို ခရီးသွားလုပ်ငန်းနှင့် သစ်ထုတ်လုပ်ငန်းတို့မှ ကယ်ဆယ်ခဲ့သည်။ ၎င်းတို့ကို လေ့လာရန်နှင့်စောင့်ရှောက်မှုအစီအစဉ်များကို ကူညီနိုင်ရန် စခန်းသို့ လာရောက်လည်ပတ်လေ့လာမှုများကိုလည်း ခွင့်ပြုထားသည်။ ရေဘေးမှ ကယ်ဆယ်ခဲ့ရသော ဆင်များတွင်အများအပြားမှာ ကျန်းမာရေးမကောင်းကြဘဲ အချို့ဆိုလျှင် လမ်းလျှောက်ရုံလောက်သာ တတ်နိုင်ကြောင်းသိရသည်။

အဆိုပါစခန်းတွင် ဆင်များသာမက ကယ်ဆယ်မှုပြုထားသော တိရစ္ဆာန်ကောင်ရေ ၅,၀၀၀ ခန့်ရှိရာ ခွေးများ၊ ကြောင်များ၊ ဝက်များနှင့်ယုန်များလည်းပါဝင်ပြီး ၎င်းတို့ကို အာဏာပိုင်များက ရေလွှမ်းမိုးမှု သတိပေးချက်ထုတ်ပြန်အပြီး မကြာမီရက်များအတွင်းကပင် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရသည်။

ကျွမ်းကျင်သူများက ထိုင်းနိုင်ငံတွင် ၂၀ ရာစု အစပိုင်းက ဆင်ရိုင်းကောင်ရေ ၁၀၀,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသော်လည်း တစ်စတစ်စလျော့ပါးလာခဲ့ရာ ယခုဆိုလျှင် ကောင်ရေ ၃,၀၀၀ မှ ၄,၀၀၀ အထိသာ ကျန်တော့မည်ဟု ခန့်မှန်းကြသည်။

Ref. CNN

Leave a Reply

Your email address will not be published. Required fields are marked *