October 4, 2024

၄.၁၀.၂၀၂၄
Written by Hey Mar

မနက်အစောပိုင်း ကောက်စိုက်သွားဖို့ ကားလမ်းဘေးကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီးနှစ်ဦးကို အိမ်စီးကားတစ်စီးက ဘရိတ်ပေါက်ကာ အရှိန်လွန်ဝင်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ကောက်စိုက်သမနှစ်ဦးအနက် တစ်ဦးနေရာတင်သေဆုံးပြီး တစ်ဦးမှာ ကျိုးပဲ့ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ မနက် ၇ နာရီကျော် အချိန်ခန့်က မကွေးတိုင်း၊ မကွေးမြို့၊ ကန်ပြား – မြို့သစ် – နေပြည်တော် ကားလမ်း၊ မြို့သစ်မြို့နယ် လဲလူကျေးရွာအနီး မိုင်တိုင်အမှတ် ၅၄/၂ ဖာလုံအနီးမှာ လယ်အလုပ်လုပ်ဖို့ ကားလမ်း‌ဘေးကနေလမ်းလျှောက်နေသူ အမျိုးသမီးနှစ်ဦးကို အိမ်စီးကားတစ်စီးက ဘရိတ်ပေါက်ပြီးအရှိန်လွန်ကာ နောက်က ဝင်တိုက်ခဲ့မိတာပါ။

ဖြစ်စဉ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မနောဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “အမျိုးသမီးနှစ်ဦးစလုံးက လဲလူ ကျေးရွာကပါပဲ။ အသက် ၃၀ကျော်တွေပေါ့။ ကားပေါ်က လူတွေက ဘာမှမဖြစ်ဘူး။ ကားက ဘရိတ်ပေါက်သွားတာမှာ နေ‌ရောင်ထိုးနေတော့ လမ်းဘေးဆွဲအချ တိုက်မိတယ်ပြောတယ်။ ကားလည်း လမ်းဘေး လယ်ထဲထိုးကျသွားတယ်” လို့ MT News ကို ပြောပါတယ်။

‌ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူအမျိုးသမီးတို့ကို မြို့နယ်ဆေးရုံဆီ ပို့ဆောင်ပေးရာ မြို့နယ်ဆေးရုံက ဒဏ်ရရရှိထားတဲ့ အမျိုးသမီးကို မကွေးပြည်သူ့ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းတာကြောင့် မနောဖြူလူမှုကူညီရေးအသင်းက လိုက်ပါပို့ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *