October 4, 2024

၄. ၁၀. ၂၀၂၄
Written by Nay Moe

VOA (Voice of America) ရဲ့ မြန်မာပိုင်း သတင်းထောက်အင်ကြင်းနိုင်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်ဆီ သတင်းသွားယူတဲ့ ခရီးစဉ်အတွင်း ရုပ်သံရိုက်ကူးရေးကိစ္စရပ်တွေဆောင်ရွက်ဖို့ အလွတ်တန်း သတင်းထောက် Shakeel (ခ) ဟိန်းအောင်ကို ငှားရမ်းခဲ့ပြီး ဒီခရီးစဥ်အတွင်းမှာ အလွတ်တန်းသတင်းထောက် ရှကီးကို လုပ်အားခေါင်းပုံဖြတ်တာ၊ ဒေါ်လာ ၃၀၀ မတန်တဲ့ကောင်လို့ပြောဆိုပြီး ဂုဏ်သိက္ခာထိခိုက်စေတဲ့ ခွဲခြားဆက်ဆံမှုပြုလုပ်ခဲ့တယ်လို့ Myanmar Journalist Club က ဖွင့်ချ ထုတ်ပြန်လာပါတယ်။

ဒီခရီးစဉ်အတွင်းမှာ အင်ကြင်းနိုင်က ရှကီးအပေါ် ကြိုတင် နှစ်ဖက်သဘောတူညီထားခဲ့တဲ့ လုပ်ခလစာ(တစ်ရက်) နှုန်းထားထက် လျှော့ပေါ့ပေးဖို့လုပ်တာ၊ စစ်ဖြစ်ပွားနေတဲ့ဒေသအတွင်းသွားပြီး သတင်းယူရတဲ့ခရီးစဉ်ဖြစ်ပေမဲ့ Budget မရှိဘူးပြောပြီး Safety gear ပေးဖို့ ငြင်းဆိုခဲ့တာ၊ ရှကီးရဲ့ ကိုးကွယ်ရာဘာသာ ဓလေ့ထုံးတမ်းလုပ်ဆောင်မှုအပေါ် ခွဲခြားဆက်ဆံ စော်ကားခဲ့တာ၊ ဂုဏ်သိက္ခာထိခိုက်နိုင်တဲ့ မဟုတ်မမှန် စွပ်စွဲပြောဆိုတာကြောင့် နစ်နာသူ အလွတ်တန်းသတင်းထောက် ရှခီးလ်က MJC ကို သက်သေနဲ့တကွ စက်တင်ဘာ ၂၅ ရက်နေ့မှာ တရားဝင် တိုင်ကြားခဲ့တာပါ။

ဒါ့အပြင် VOA သတင်းထောက် အင်ကြင်းနိုင်က မီးခိုရောင်အဆင့် အန္တရာယ်ရှိတဲ့(Gray Zone) နယ်မြေအတွင်း မကြာခဏ သတင်းသွားယူလေ့ရှိတဲ့ အလွတ်တန်းသတင်းထောက် ရှကီးအပေါ် အသက်အန္တရာယ်ကျရောက်စေနိုင်တဲ့ မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စီမံအုပ်ချုပ်ရတဲ့ ပြည်နယ်ကောင်စီတစ်ခုကို တိုင်ကြားမယ်လို့ စာပေးပို့ ခြိမ်းခြောက်မှုတွေလည်းရှိခဲ့လို့ အင်ကြင်းနိုင်ရဲ့ သတင်းသမားအချင်းချင်းစောင့်ထိန်းရမဲ့ ကျင့်ဝတ်များ၊ ကိုယ်ချင်းစာ တရားနည်းပါးခြင်းနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတာ ပေါ်လွင်ခဲ့သလို ရှကီးအပြင် မြေပြင်က မြန်မာသတင်းသမားတွေကို စော်ကားလိုတဲ့စကားလုံးတွေ အကြိမ်ကြိမ်ပြောခဲ့တာကြောင့် VOA မြန်မာပိုင်းဌာနမှုး အပါအဝင် တာဝန်ခံများ၊ အယ်ဒီတာများ အစရှိတဲ့ တာဝန်ရှိသူများထံ တောင်းဆိုချက် ၄ ချက်ပါဝင်သော တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အင်ကြင်းနိုင်ရဲ့ ရှကီးအပေါ် ကျုးလွန်မှုနဲ့ပတ်သက်ပြီး

၁ ◾ လုပ်အားခ အငြင်းပွားမှုကို အမြန်ဆုံးဖြေရှင်းပေးရန်။

၂ ◾ သတင်းထောက် မအင်ကြင်းနိုင်၏ ကရင်နီခရီးစဉ်အတွင်း ရုပ်သံရိုက်ကူးရေးကိစ္စရပ်များလုပ်ဆောင်ရန် ငှားရမ်းခဲ့သော အလွတ်တန်းသတင်းထောက် ဟိန်းအောင် (ခ)ရှကီး ကိစ္စကို ဗွီအိုအေ (VOA)မြန်မာပိုင်းဌာန သိရှိခြင်း ရှိ၊ မရှိ။

၃ ◾ အင်ကြင်းနိုင်၏ ဟိန်းအောင် (ခ)ရှကီးအပေါ် ခွဲခြားဆက်ဆံခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း လုပ်ရပ်များအပေါ် တရားဝင်ပြန်လည်တောင်းပန်ရန်။

၄ ◾ အင်ကြင်းနိုင်သည် အလွတ်တန်းသတင်းထောက်ဟိန်းအောင် (ခ)ရှကီး အပြင် တခြားသော မြန်မာသတင်းသမားများအပေါ်ကို ဂုဏ်သိက္ခာ ထိခိုက်စေပြီး စော်ကားပြောဆိုလိုသော “ဒေါ်လာ ၃၀၀ တောင်၊ တော် (ရှကီး) ကမတန်ဘူး။ ဒေါ်လာ ၃၀၀ ဆို ဒီထက်တန်တဲ့ သူ အစ်မ ခေါင်းခေါက်ပြီးတော့ ရွေးမယ်။ ဒေါ်လာ ၃၀၀ ဆို ဒီထက်မကတန်တဲ့ ဒီထက်မက အရည်အချင်းရှိတဲ့ ဒီထက်မက ဗီဒီယိုကိုနားလည်တဲ့သူကို အမ ခေါင်းခေါက်ပြီး ခေါ်တယ်” စကားလုံးတွေကိုလည်း အကြိမ်ကြိမ်သုံးနှုန်း ပြောဆိုခဲ့သည့်အတွက် အခြားသော မြန်မာသတင်းသမားများကိုပါ တောင်းပန်ရန်” ဆိုပြီးတောင်းဆိုခဲ့တာပါ။

MJC ရဲ့ တိုင်ကြားစာကို VOA သတင်းဌာနဘက်က လက်ခံရရှိကြောင်း၊ ယခုအငြင်းပွားမှုကိစ္စရပ်များကို စစ်ဆေးကိုင်တွယ်ဖြေရှင်းပေးမည် အကြောင်းပြန်ခဲ့ကြောင်း၊ တိုင်ကြားမှုကို VOA သတင်းဌာနကဌာနတွင်း တိုင်ပင်ဆွေးနွေးပြီး အလွတ်တန်းသတင်းထောက် ရှကီး တောင်းဆိုထားတဲ့ ငွေကြေးအပြည့်အဝကို ပေးချေသွားမယ်လို့ပဲ MJC ထံ အကြောင်းပြန်ခဲ့ပြီး ငွေကြေးအငြင်းပွားမှု မဟုတ်တဲ့ တခြားသော ခြိမ်းခြောက်ပြောဆိုမှု၊ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေတဲ့ အပြုအမူပြောဆိုချက်တွေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို VOA က လျစ်လျူရှုခဲ့တာကြောင့် လျစ်လျူရှု၊ မဖြေရှင်းပေးခဲ့တဲ့ တောင်းဆိုချက်တွေဟာ အလွတ်တန်းသတင်းထောက် ရှကီးအပါအဝင် မြန်မာသတင်းသမားတွေ အလေးထားတန်ဖိုးထားတဲ့ သတင်းသမားကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာဖြစ်လို့ VOA သတင်းဌာန( မြန်မာပိုင်း) သတင်းထောက် အင်းကြင်းနိုင်နဲ့ တာဝန်ရှိ အယ်ဒီတာတွေရဲ့ လုပ်ရပ်အပေါ် လွန်စွာစိတ်ပျက်မိတယ်လို့လည်း MJC က သဘောထားထုတ်ပြန်ပါတယ်။ ဒါကြောင့် MJC က ရှကီးအပါအဝင် မြန်မာသတင်းသမားတွေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး MJC တောင်းဆိုချက်အတိုင်း အမြန်ဆုံး ဖြေရှင်းပေးဖို့လည်း VOA သတင်းဌာန( မြန်မာပိုင်း) သတင်းထောက်အင်းကြင်းနိုင်နဲ့ VOA သတင်းဌာန တာဝန်ရှိသူတွေကို ထပ်မံတောင်းဆိုထားပါတယ်။

MJC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး MT News သတင်းဌာနက VOA ရဲ့ လူမှုကွန်ရက် စာမျက်နှာနဲ့ Messenger က ဆက်သွယ်မေးမြန်းထားသလို စွပ်စွဲခံရတဲ့အင်ကြင်းနိုင်ကိုပါ Messenger က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ရှိအချိန်အထိ တုံ့ပြန်မှုမရှိသေးဘဲ ပြန်လည်ဖြေဆိုလာရင်တော့ ထပ်မံဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *