၄.၁၀.၂၀၂၄
Written by K Pyay Thein
အကြောင်းအမျိုးမျိုးကြောင့် မြို့ပြကိုရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အလုပ်အကိုင်ပေးနိုင်တဲ့ ကုမ္ပဏီနည်းပါးနေပြီး စစ်ရှောင်လာသူ ပြည်သူအများစုက အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနည်းပါးတာတွေကို ကြုံတွေ့ခံစားနေရတယ်လို့ မြို့ပြကို စစ်ဘေးရှောင်လာသူတွေထံကနေ သိရပါတယ်။
ဒီလိုအလုပ်အကိုင်ရှားပါးမှုတွေကြောင့် စစ်ဘေးရှောင်လာသူပြည်သူတွေအနေနဲ့ မြို့ပြမှာနေထိုင်မှုနဲ့ စားဝတ်နေရေးပိုင်းမှာပါ အခက်အခဲအချို့ကို ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
“ကုမ္ပဏီအချို့က စစ်ရှောင်လာတဲ့သူတွေဆို အလုပ်သိပ်မခန့်ချင်ကြဘူး။ လားရှိုးကနေစစ်ရှောင်လာတာပါ။ ဒီမှာရောက်ခါစက အဒေါ်အိမ်မှာနေရပါတယ်။ နောက်ပိုင်းအဒေါ်နဲ့ အဆင်မပြေလို့ အခုကလေးနှစ်ယောက်နဲ့အတူ အိမ်ငှားနေရတယ်။ပါလာတဲ့လက်ဝတ်လက်စားတွေလည်း ရောင်းချသုံးလို့ ကုန်ပြီ။ အစကတော့ အထည်ချုပ်တစ်ခုမှာ အလုပ်လုပ်ပါတယ်။အဲ့ဒါလည်း အဆင်မပြေလို့ ထွက်လိုက်ရတယ်။ အခုက ကလေးတွေနဲ့ဆိုတော့ စားဝတ်နေရေးက သိပ်အဆင်မပြေလို့ ကြုံရာလိုက်လုပ်နေရတယ်။ ညီမဆိုအခု အသိအမတစ်ယောက်ရဲ့အကူအညီနဲ့ပဲ နေ့စားနဲ့အိမ်အကူသဘောမျိုး လိုက်လုပ်နေရတယ်။ လတ်တလော စားဝတ်နေရေးကို ဒီလိုနည်းနဲ့ပဲဖြေရှင်းနေရပါတယ်”လို့ လားရှိုးဘက်ကစစ်ရှောင်လာသူ ပြည်သူတစ်ဦးက ပြောပါတယ်။
မြို့ပြကိုစစ်ရှောင်လာတဲ့ လူအများစုဟာ မြို့ပြမှာ အခုလိုအလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာဟာ လုပ်ငန်းခွင်မှာလိုအပ်တဲ့ အရည်အချင်းနဲ့ နေရာဒေသကွဲပြားခြားနားမှုတွေအပါအဝင် အခြားသောကွာဟမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကို MT News ကိုဆက်ပြီး ပြောပြခဲ့ပါတယ်။
“စစ်ရှောင်အများစုက မြို့ပြမှာ အခုလို အလုပ်အကိုင်ရှားပါးတာဟာ လုပ်ငန်းခွင်မှာလိုအပ်တဲ့ အရည်အချင်းနဲ့ နေရာဒေသကွဲပြားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေမှာ ကုမ္ပဏီဘက်က သူတို့လိုချင်တဲ့အရည်အချင်းနဲ့ ဒီဘက်က အလုပ်လိုချင်သူတွေမှာရှိတဲ့ အရည်အချင်းတွေ မကိုက်ညီတာမျိုးလည်းရှိကောင်းရှိနိုင်တယ်။ နယ်ကစစ်ရှောင်လာတဲ့သူတွေအနေနဲ့က မြို့ပြတွေမှာ အလုပ်ရဖို့ဆိုတာက အတော်ခက်ပါတယ်။ ကုမ္ပဏီအလုပ်တွေကိုဝင်တိုးဖို့ဆိုတာကလည်း အတော်ကိုမလွယ်ကူပါဘူး။ ကုမ္ပဏီတွေရဲ့အပိုင်းမှာလည်း အလုပ်ခေါ်ယူမှုတွေမှာသတ်မှတ်အရည်အချင်းတွေအလိုက် ခေါ်ယူနေတာတွေလည်းရှိတယ်။ နောက်ပြီး လုပ်ငန်းကျွမ်းကျင်မှုအပိုင်း ဒါတွေအများကြီးရှိတာပေါ့နော်။ သူတို့အတွက် မြို့ပြမှာအလုပ်အကိုင်အခွင့်အလမ်းဆိုရင် ကိုယ်ပိုင်ဈေးဆိုင်လေးဖွင့်တာမျိုး။ ဥပမာ-လားရှိုးကလာတဲ့သူဆို ရှမ်းခေါက်ဆွဲရောင်းတာမျိုး၊ ဒါမှမဟုတ်လည်း မိမိကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်းပညာတွေအလိုက် အလုပ်လုပ်ကိုင်တာ၊ ဒေသထွက်တွေကိုမှာယူပြီး ဒီမှာပြန်ရောင်းတာတို့ ဒါမျိုးတွေက သူတို့အတွက်ပိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုခန့်(မန္တလေး)က ပြောပြခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းရေး၊နိုင်ငံရေးနဲ့ အထွေထွေကိစ္စရပ်တွေကို လေ့လာမှတ်တမ်းပြုစုနေတဲ့ ISP Myanmar ကတော့ ၂၀၂ဝ ပြည့်နှစ်အလွန်နောက်ပိုင်းကာလမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၆ ဒသမ ၃ သန်းကျော်ရှိခဲ့တယ်လို့ သူတို့ရဲ့လေ့လာမှုမှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Photo – CJ
ပုံစာ – စစ်ဘေးရှောင်ပြည်သူအချို့အားတွေ့မြင်ရစဉ်။